မြန်မာနိုင်ငံအတွင်း ကော်ရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ တစ်ဦးထပ်တိုး

မြန်မာနိုင်ငံအတွင်း ကော်ရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ တစ်ဦးထပ်တိုး
ဖေဖော်ဝါရီ 15, 2020
By Tachileik News Agency
မြန်မာနိုင်ငံအတွင်း ကော်ရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ တစ်ဦးထပ်တိုး 

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ရောက်လာသည့် အမျိုးသားတစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံသို့ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့တွင် လွှဲပြောင်းလာသဖြင့် တစ်နိုင်ငံလုံးတွင် ဓါတ်ခွဲခန်းအဖြေစောင့်ဆိုင်းနေသည့် လူနာ (၉) ဦးရှိသွားပြီဖြစ်သည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လျန်ဟဲမြို့နေ အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖေဖေါ်ဝါရီလ (၉) ရက်နေ့၌ မြန်မာနိုင်ငံသို့ရောက်လာပြီး ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်းနှင့် ဝမ်းသွားခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလူနာမှာ ပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရသော်လည်း ဝေဘာဂီ အထူးကုဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ထားရှိကာ ဓါတ်ခွဲနမူနာပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးတွင် ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့ ည(၈)နာရီအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် သံသယနှင့် စောင့်ကြည့်လူနာ (၉)ဦးရှိနေပြီး ကျန်းမာရေးအခြေအနေကောင်းမွန်နေသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာကို ဇန်နဝါရီလ (၃၁)ရက်နေ့က Southern China Airline ဖြင့် လိုက်ပါလာသည့် တရုတ်နိုင်ငံသားတစ်ဦးကို စတင်တွေ့ခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဓါတ်ခွဲခန်းပို့စစ်ခဲ့သည့် သံသယလူနာများအားလုံးမှာ ဗိုင်းရပ်စ်မတွေ့ရကြောင်း ဓါတ်ခွဲအဖြေများရရှိထားခြင်းဖြစ်သည်။

ကူးစက်မြန်သည့် COVID 19 (ကိုရိုနာဗိုင်းရပ်စ်)သည် နိုင်ငံပေါင်း(၂၅)နိုင်ငံသို့ ကူးစက်ပျံ့နှံ့နေပြီး ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ ည(၉)နာရီခွဲ အချိန်အထိ ကူးစက်မှု စုစုပေါင်းမှာ (၆၇,၀၉၇)ဦး ရှိပြီး သေဆုံးသူမှာ (၁,၅၂၇)ဦး ရှိလာကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~