စစ်ကိုင်းတိုင်း ကသာမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ရပ်ကွက်အတွင်းသို့ကျကာ အရပ်သား ကလေးတစ်ဦး သေဆုံးပြီး ကလေးနှစ်ဦး ဒဏ်ရာရသည်ဟု ကသာမြို့ ဒေသခံများထံမှ သိရသည်။
ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၂၈)ရက်နေ့ နံနက်ပိုင်းက ကသာမြို့ အောင်မြေသာစည်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ရာ အမှတ်(၈)ရပ်ကွက်သို့ကျပြီး အရပ်သားများကို ထိမှန်ခြင်းဖြစ်သည်ဟု သိရသည်။
"အဲဒီ ရပ်ကွက်အနီးအနားက လူငယ်တွေပါပဲ။ အသက် (၁၀)နှစ်ကျော်ဝန်းကျင် ကလေးတွေပါ။ ပစ်တာအဝေးကို မရောက်ဘဲ သူတို့အနားကျတော့ တစ်ဦးက ဆီးစပ်ကိုထိသွားပြီး နေရာမှာတင် သေဆုံးတယ်။ မိန်းကလေးလို့သိရတယ်။ နှစ်ဦးကတော့ ဒဏ်ရာရတယ်ကြားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ကသာမြို့ကို တစ်လကျော်ကြာ မီးဖြတ်ထားခြင်းကြောင့် အဆိုပါ ဘုန်းကြီးကျောင်းသို့ ဖုန်းအားသွင်းရန်သွားချိန် စစ်ကောင်စီပစ်သည့် လက်နက်ကြီးမှာ ဘုန်းကြီးကျောင်းဝန်း အနောက်ဘက်သို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟု သိရသည်။
ဒဏ်ရာရသူနှစ်ဦးမှာလည်း အသက်(၁၂)နှစ်နှင့် (၁၃)နှစ်အရွယ် ကလေးများဖြစ်ကြပြီး ဆေးရုံသို့ပို့ဆောင်ထားရသည်ဟု သိရသည်။
"မနက်ကတည်းကပစ်နေတာ။ အဲ့ဒီဘုန်းကြီးကျောင်းမှာ စစ်သားတွေရှိနေတယ် အများကြီး။"ဟု ကသာမြို့ဒေသခံက ဆက်ပြောသည်။
ကသာမြို့အနီးဝန်းကျင်တွင် လက်နက်ကြီးပစ်ခတ်မှုများ၊ လက်နက်ငယ်ပစ်ခတ်သံများ ညစဉ်ကြားနေရ၍ ဒေသခံများ ထိတ်လန့်နေကြရသည်ဟု သိရသည်။
ကသာမြို့အနီးရှိ အင်းတော်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလ(၇)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် ကသာမြို့အခြေစိုက် ခမရ(၃၀၉) တပ်ရင်းသို့ လေယာဉ်ဖြင့် စစ်အင်အားဖြည့်ခြင်းအပါအဝင် စစ်ကောင်စီတပ်သားများက မြို့အတွင်းရှိ ဘုန်းကြီးကျောင်းအချို့နှင့် မြို့ဝင်၊ မြို့ထွက်တို့၌ လှည့်ပတ်သွားလာတပ်စွဲခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။
"ကသာမှာ လေယာဉ်ပျံဝဲတာတွေ သင်္ကြန်တွင်းထဲကအခုထိ ခပ်စိပ်စိပ်ဖြစ်နေတယ်။ နဘား၊ ကသာအထွက် လမ်း အင်းတော်အနီးအနားကို လေယာဥ်ပျံဝဲ ဗုံးချသံကြားရတာမျိုးတွေရှိနေတယ်။"ဟု ကသာမြို့ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကသာမြို့အထွက် ပေါမမြိုင်ရွာတွင် အမျိုးသားတစ်ဦး အိမ်ဝိုင်းအတွင်း ထင်းစီနေစဉ် အိမ်ထဲသို့ ဗုံးကျကာ သေဆုံးခဲ့သည်။
#TachileikNewsAgency