မြဝတီမြို့မှ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများ ထွက်သွားကြရန် BGF အမိန့်ထုတ် 

မြဝတီမြို့မှ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများ ထွက်သွားကြရန် BGF အမိန့်ထုတ် 

ကရင်ပြည်နယ် မြဝတီဒေသတဝိုက်ရှိ ကျားဖြန့်လုပ်ငန်းလုပ်ဆောင်နေသည့် နိုင်ငံခြားသားအားလုံး ၂၀၂၄ ခုနှစ် မေ ၁ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အတွင်း ထွက်သွားကြရန် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)က အမိန့်ထုတ်ကြောင်း သိရသည်။ 

ထုတ်ပြန်စာကို BGF ဘက်က မြန်မာ၊ အင်္ဂလိပ်နှင့် တရုတ်ဘာသာစကား ၃ မျိုးဖြင့် BGF မြ၀တီ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

ထုတ်ပြန်ချက်တွင် ကာစီနိုရုံများအဖြစ် ထူထောင်ပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများလုပ်ကိုင်နေသည့် တရားမဝင်နယ်စပ်ဖြတ်ကျော် နိုင်ငံခြားသားများအားလုံးကို ဆိုလိုပြီး မြ၀တီတစ်ဝိုက်က လာရာလမ်းအတိုင်း ပြန်ထွက်သွားကြရန်နှင့် မထွက်ပါက ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။ 

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် တပ်နယ်မှူးများကို Tachileik News Agency က ဖုန်းဆက်သွယ်နေသော်လည်း အဆက်အသွယ်မရပါ။

ဒေသခံများကမူ BGF ထိန်းချုပ်ရာ ရွှေကုက္ကိုလ်ဒေသတွင်ပင် ကျားဖြန့်နှင့် ကာစီနိုလောင်းကစားရုံများအပြည့်ရှိပြီး ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာ ဟန်ပြသာဖြစ်သည်ဟု ပြောဆိုကြသည်။

#TachileikNewsAgency