ချီကာဂိုတွင် မှန်နံရံ အဆောက်အအုံကို ငှက်များ ဝင်တိုက်မိပြီး တစ်ရက်အတွင်း ငှက်အကောင်ရေ အနည်းဆုံး (၁၀၀၀)ကျော် သေဆုံး

ချီကာဂိုတွင် မှန်နံရံ အဆောက်အအုံကို ငှက်များ ဝင်တိုက်မိပြီး တစ်ရက်အတွင်း ငှက်အကောင်ရေ အနည်းဆုံး (၁၀၀၀)ကျော် သေဆုံး
အောက်တိုဘာ 14, 2023

 မြောက်အမေရိကတွင် အကြီးဆုံး ကွန်ဗင်းရှင်းစင်တာဖြစ်သည့် အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ McCormick Place အဆောက်အအုံ၏ မှန်နံရံများကို ဝင်တိုက်မိပြီး တစ်ရက်အတွင်း ငှက်အကောင်ရေ (၁,၀၀၀) ထက်မနည်း သေဆုံးခဲ့သည်။

 ၂၀၂၃ ခုနှစ်၏ ပြီးခဲ့သည့် အောက်တိုဘာလ (၅) ရက်နေ့က ထိုအဆောက်အအုံ၏ မှန်နံရံများကို ဝင်တိုက်မိပြီး အရွယ်အစား သေးငယ်သော ငှက်အကောင်ရေ အနည်းဆုံး (၁,၀၀၀) သေဆုံးခဲ့ကြောင်း Chicago Bird Collision Monitors (CBCM) က ပြောသည်။

ငှက်အများအပြားမှာ အဆောက်အအုံကို ဝင်တိုက်မိရာမှ ဒဏ်ရာပြင်းထန်စွာရပြီးနောက် ဆက်လက် ပျံသန်းသွားကာ နာရီပိုင်းအကြာ၌ သေဆုံးလေ့ရှိသောကြောင့် အောက်တိုဘာလ (၅) ရက်နေ့ ဖြစ်ရပ်တွင် သေဆုံးခဲ့သည့် ငှက်အရေအတွက်မှာ ယခုထက်ပင် ပို၍များနိုင်သည်။

ယခုဖြစ်ရပ်မှာ အဆောက်အအုံတစ်ခုကို ဝင်တိုက်မိပြီး တစ်ရက်အတွင်း ငှက်သေဆုံးမှု အများဆုံးဖြစ်ကြောင်းလည်း CBCM ၏ မှတ်တမ်းများအရ သိရှိရသည်။ 



McCormick Place အဆောက်အအုံကို ဝင်တိုက်မိပြီး နှစ်စဥ် ငှက်အကောင်ရေ (၁,၀၀၀) နှင့် (၂,၀၀၀) ကြား သေဆုံးနေရာ ယခုဖြစ်ရပ်တွင် သေဆုံးခဲ့သည့် ငှက်အရေအတွက်က တစ်နှစ်စာနှင့် ညီမျှနေကြောင်း ချီကာဂိုမြို့ရှိ Field Museum မှ ဂေဟဗေဒပညာရှင် Douglas Stotz က ပြောသည်။ 

ကျွမ်းကျင်သူများ၏ အဆိုအရ ကမ္ဘာတစ်ဝန်း မှန်နံရံများ ကာရံတပ်ဆင်ထားသည့် လူလုပ် အဆောက်အအုံများနှင့် ဝင်တိုက်မှုကြောင့် နှစ်စဥ် ငှက်အကောင်ရေ (၁) ဘီလီယံဝန်းကျင် သေဆုံးကြကြောင်းနှင့် ထိုကဲ့သို့သော အဆောက်အအုံများက ငှက်များအတွက် အကြီးဆုံး အန္တရာယ်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Source: The Guardian

Photo:  Lauren Nassef/AP, Courtesy Tom Gnoske/Chicago Field Museum