ဖားကန့်မြို့တွင် တည်းခိုခန်းပိုင်ရှင် အမျိုးသမီး သတ်ခံရပြီး ရွှေငွေ နှင့် ကား ပါသွား

ဖားကန့်မြို့တွင် တည်းခိုခန်းပိုင်ရှင် အမျိုးသမီး သတ်ခံရပြီး ရွှေငွေ နှင့် ကား ပါသွား

 ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ချဒ်ကျောင်းရှေ့ရှိ သံယောဇဥ်နန်းတော် တည်းခိုခန်းမှ ပိုင်ရှင် အသက် (၅၆)အရွယ် ဒေါ်သီတာ  သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ယနေ့  ၂၀၂၃ခုနှစ် မေလ (၃၁)ရက်နေ့၏ နံနက်အစောပိုင်းက အဆိုပါတည်းခိုခန်းကို ထမင်းချက်ရန်လာသည့် အိမ်အကူအမျိုးသမီး၏ ပြောပြချက်အရ ၎င်းထမင်းလာချက်ပြီး အချိန်အတော်ကြာထိ အိမ်ရှင်အမျိုးသမီးက ထွက်မလာသေးသည့် အတွက်ကြောင့် အခန်းထဲဝင်ကြည့်သည့်အခါမှာ ဓားဒဏ်ရာနှင့် သေဆုံးနေသည့်အလောင်းကိုသာ တွေ့ရသည်ဟု ဆိုသည်။

တည်းခိုခန်းတွင် သေဆုံးနေသည့် အမျိုးသမီးနှင့်အတူ ညစောင့် ကောင်လေးတစ်ယောက်လည်းကျန်ခဲ့ပြီး ၎င်းသေဆုံးသွားသည့် အချိန်တွင် အဆိုပါကောင်လေးမှာ တည်းခိုခန်းတွင် မရှိတော့ဟုလည်း သိရသည်။



"ညစောင့်ခန့်ထားတဲ့ ကောင်လေးက မနေ့က ထိတောင်ရှိသေးတယ်။ ဒီနေ့မနက်ခင်းမှာ မတွေ့တော့ဘူးလို့ပြောတယ်။ သူ့အဝတ်စားထုပ်ပါ မရှိတော့ဘူးလို့​ ပြောတယ်။”ဟု ဒေသခံ တစ်ဦးက ပြောသည်။

သေဆုံးသွားသည့် အမျိုးသမီးကို ယနေ့ နံနက်မိုး မလင်းမီတွင် သတ်သွားပြီး ၎င်း၏ကားတစ်စီးကိုပါ ယူဆောင်သွားကြောင်းနှင့် သတ်သည့်သူမှာ မည်သူမည်ဝါဖြစ်ပြီး မည်သည့်အဖွဲ့အစည်းကဆိုသည်ကိုတော့ မသိရကြောင်း နှင့် ၎င်း၏ ရွှေငွေများနှင့် ကားတစ်စီးလည်း ပါသွားကြောင်း သိရသည်။ 

သေဆုံးသွားသည့် အမျိုးသမီးအလောင်းကို လူမှုကူညီရေးအသင်းများက လာရောက်သယ်ဆောင်သွားပြီး ဖားကန့်ပြည်သူ့ဆေးရုံ၏ ရင်ခွဲရုံသို့ပို့ဆောင်ထားသည်ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ယခု မေလ(၆)ရက်နေ့တုန်းကလည်း ဖားကန့်မြို့နယ်အတွင်း မှော်စီစာရွာ စောင်ချိန်တံတားအနီးတွင်  သေနတ်ဒဏ်ရာနှင့်သေဆုံးနေသည့် အမျိုးသားအလောင်း (၂)လောင်း တွေ့ခဲ့ရသေးသည်။