စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အနောက်ဖက် ပင်ဟင်းခါး - သာယာကုန်းကို အာဏာသိမ်း စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် နေအိမ်အချို့ ထိခိုက်ပျက်စီးပြီး ဒေသခံ ( ၅ ) ဦး ဒဏ်ရာရကာ သက် ကြီးရွယ်အို တစ်ဦး သေဆုံးကြောင်း သိရသည်။
၂၀၂၃ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့က ပင်ဟင်းခါးနှင့် သာယာကုန်းကြား စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။
အထိနာသွားသော စစ်ကောင်စီတပ်များသည် လေကြောင်းမှ ဗုံး (၈)လုံးကြဲချသွားရာ သာယာကုန်းဘုန်းကြီးကျောင်း၊ ဇရပ်နှင့် ရွာရှိနေအိမ် ( ၄ )လုံး ထိခိုက်ပျက်စီးပြီး ကလေးတစ်ဦးအပါအဝင် ဒေသခံ (၄) ဦး ထိခိုက်ဒဏ်ရာရကြောင်း Banmauk Revolution-BR က သတင်းထုတ်ပြန်ထားသည်။
နေ့လည်ပိုင်းတွင်လည်း လေကြောင်းမှ ဗုံး ( ၁၂ )လုံးကြဲချခဲ့ရာ အသက် (၇၀)ကျော် အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒေသခံတစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်(SNA)များသည် နောင်ယောနှင့် ကူးဆိပ်ဈေးတန်းအား မီးရှို့ဖျက်ဆီးသွားကာ ယခင်နေ့များကလည်း မတ္တရာမှော်၊ ရွှေတော်-မင်းကုန်းရွာ များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မတ်လ (၂၄)ရက်နေ့က နန့်နန့်ထွန်-ကျောက်ဆည်ရွာ၊ မတ်လ (၂၆)ရက်နေ့ နှင့် ဧပြီလ(၈)ရက်နေ့တွင် ကြောင်လည်ရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။