၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ဖမ်းဆီးခံရစဉ် ရရှိသည့် ဒဏ်ရာပြင်းထန်၍ မင်္ဂလာဒုံစစ်ဆေးရုံတွင် ကုသနေရ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ဖမ်းဆီးခံရစဉ် ရရှိသည့် ဒဏ်ရာပြင်းထန်၍ မင်္ဂလာဒုံစစ်ဆေးရုံတွင် ကုသနေရ
အောက်တိုဘာ 24, 2021

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီးမှုအတွင်း ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ဆောင်သည့်အတွက်  မင်္ဂလာဒုံစစ်ဆေးရုံတွင် ကုသပေးနေရကြောင်း သိရသည်။

ကိုဂျင်မီဟာ ဖမ်းဆီးခံရစဉ် ဒဏ်ရာပြင်းထန်စွာ ရရှိတဲ့ အတွက် မင်္ဂလာဒုံ စစ်ဆေးရုံမှာ အခုလက်ရှိ ဆေးကုသမှု ခံယူနေရတယ်လို့ စုံစမ်းသိရပါတယ်။

ဟု ကိုဂျင်မီ၏ ဇနီးဖြစ်သူ မနီလာသိန်းက ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၄)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်အချိန်က လူမှုကွန်ယက်ကနေ တဆင့် အသိပေးထားကို တွေ့ရသည်။

ကိုဂျင်မီကို အာဏာသိမ်းအဖွဲ့က အောက်တိုဘာလ (၂၃) ရက်နေ့ ညပိုင်းတွင် မြောက်ဒဂုံမြို့နယ်အတွင်းမှ ဖမ်းဆီးသွားသည်ဟု သိရပြီး ယင်းမြို့နယ်အတွင်း ပင်လုံဆေးရုံအနီးတွင် ယမန်နေ့ညပိုင်းက မော်တော်ယာဉ်တစ်စီးအား အာဏာသိမ်းအဖွဲ့၏ စစ်တပ်က စောင့်၍ပစ်ခတ်ဖမ်းဆီးမှုပြုလုပ်သည်ဟုလည်း သတင်းများထွက်နေခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က ကိုဂျင်မီအား ဖမ်းဆီးရသည့်အကြောင်းရင်းနှင့် မည်သို့ဖမ်းဆီးသည်ကို မသိရသေးဘဲ ယမန်နေ့က ဖမ်းဆီးခံရသည်ဆိုသည့်သတင်းကြောင့် မိသားစုဝင်များက စုံစမ်းရာမှ မင်္ဂလာဒုံစစ်ဆေးရုံတွင် ကုသပေးနေသည်ကို သိရှိရခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency