မန္တလေးမြို့တွင် အာဏာသိမ်းအဖွဲ့၏ လက်ပါးစေများက လက်နက်များကိုင်ဆောင်ပြီး မြတောင်ကျောင်းတိုက်အတွင်း ဝင်ရောက် စီးနင်းရှာဖွေကာ ရဟန်းပိုင် ကွန်ပျူတာနှင့် ဖုန်းကို ယူဆောင်သွား

Photo:  မန္တလေးသံဃသမဂ္ဂ
Photo:  မန္တလေးသံဃသမဂ္ဂ
မန္တလေးမြို့တွင် အာဏာသိမ်းအဖွဲ့၏ လက်ပါးစေများက လက်နက်များကိုင်ဆောင်ပြီး မြတောင်ကျောင်းတိုက်အတွင်း ဝင်ရောက် စီးနင်းရှာဖွေကာ ရဟန်းပိုင် ကွန်ပျူတာနှင့် ဖုန်းကို ယူဆောင်သွား
အောက်တိုဘာ 3, 2021

 အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ လက်ပါးစေ စစ်တပ်နှင့်ရဲတို့က မန္တလေးမြို့ရှိ မြတောင်ကျောင်းတိုက်အား အောက်တိုဘာလ(၂)ရက်နေ့ ညပိုင်းက ဝင်ရောက်စီးနင်းရှာဖွေ ဖျက်ဆီးသွားပြီး ရဟန်းတော်တစ်ပါးပိုင် ကွန်ပျူတာတစ်လုံး အပြင် အားသွင်းထားသည့် ဖုန်းတစ်လုံးတို့ကိုလည်း ယူဆောင်သွားသည်ဟု မန္တလေးသံဃသမဂ္ဂက အောက်တိုဘာလ(၃)ရက်နေ့ ညပိုင်းတွင် အသိပေးထားရှိသည်။

၂၀၂၁ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်း စိန်ပန်းရပ်ကွက်တွင် ချီတက်ဆန္ဒပြနေသည့် မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းအား အာဏာသိမ်းအဖွဲ့၏ လက်ပါးစေ စစ်သားများနှင့်ရဲတို့က  အသံဗုံးဖောက်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သည့်အပြင် ကားဖြင့်လည်း ဝင်တိုက်ပြီး ဖမ်းဆီးကာ သံဃာများကို ဖမ်းဆီးသည့်နေရာမှာပင် သင်္ကန်းအတင်း ဆွဲချွတ်ပြီး လူဝတ်လဲခိုင်းပြီး စစ်ဆေးရေးသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ညပိုင်းတွင် ကျောင်းတိုက်များသို့ လက်နက်ဖြင့် ဝင်ရောက် စီးနင်းခြင်း ဖြစ်သည်။

အောက်တိုဘာလ(၂)ရက်နေက ဖမ်းဆီးခံရသည့် သံဃာများမှာ ဦးသိရိန္ဒ၊ ဦးဝိလာသ၊ ဦးသုစိတ္တ၊ ဦးရေဝတ နှင့် ဦးဝီရိယဓမ္မ ဖြစ်ပြီး လူပုဂ္ဂိုလ်(၃)ဦးမှာ ရှိုင်းအောင် ၊ ဌေးလွင်စိုးနှင့် မင်းဝင်းတို့ ဖြစ်ကြောင်း နှင့် ဖမ်းဆီးခံရသည့် သံဃာများထဲတွင် ပအိုဝ်းသံဃာတစ်ပါး ပါဝင်သည်ဟုလည်း သိရသည်။

အာဏာသိမ်းအဖွဲ့က အာဏာတည်မြဲရေးအတွက် လူကြီး၊ လူငယ်မရွေး ဖမ်းဆီး ပစ်ခတ်မှုများလုပ်ဆောင်သလို သံဃာတော်များအထိပါ သင်္ကန်းဆွဲချွတ်ပြီး ဖမ်းဆီးသည့်အပြင် သေနတ်ဖြင့်ပါ ပစ်ခတ်မှုများအထိ လုပ်ဆောင်လာနေသည်။