မန္တလေးသံဃသမဂ္ဂအဖွဲ့ သပိတ်စစ်ကြောင်းကို အာဏာသိမ်းအဖွဲ့၏ လက်ပါးစေများက သေနတ်ဖြင့် ပစ်ခတ်ကာ ကားဖြင့်တိုက်ဖမ်းပြီး လမ်းပေါ်တင် သင်္ကန်းဆွဲချွတ်

မန္တလေးသံဃသမဂ္ဂအဖွဲ့ သပိတ်စစ်ကြောင်းကို အာဏာသိမ်းအဖွဲ့၏ လက်ပါးစေများက သေနတ်ဖြင့် ပစ်ခတ်ကာ ကားဖြင့်တိုက်ဖမ်းပြီး လမ်းပေါ်တင် သင်္ကန်းဆွဲချွတ်
အောက်တိုဘာ 2, 2021

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်း စိန်ပန်းရပ်ကွက်တွင် ချီတက်ဆန္ဒပြနေသည့် မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းအား အောက်တိုဘာလ(၂)ရက်နေ့ နေ့လည်ပိုင်းက အာဏာသိမ်းအဖွဲ့၏ လက်ပါးစေ စစ်သားများနှင့်ရဲတို့က  အသံဗုံးဖောက်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သည့်အပြင် ကားဖြင့်လည်း ဝင်တိုက်ပြီး ဖမ်းဆီးကာ သံဃာများကို ဖမ်းဆီးသည့်နေရာမှာပင် သင်္ကန်းအတင်း ဆွဲချွတ်ပြီး လူဝတ်လဲခိုင်းကြောင်း သိရသည်။

"မန်း သံဃသမဂ္ဂသပိတ်စစ်ကြောင်း နေ့ ၁:၁၅ မိနစ်ခန့်က မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်ထဲမှာ စထွက်ရုံရှိသေး အိမ်စီးကားဖြင့် စခ ရခတွေ ရောက်လာပြီး အသံဗုံးဖောက်  ကျည်အစစ်နဲ့ပစ် ကားနဲ့ဝင်တိုက်ပြီး သံဃာ (၅)ပါး နဲ့ လူ (၃)ယောက် ဖမ်းဆီးခံလိုက်ရပါတယ်။ ဦးဇင်းတပါး ကားနဲ့ အပြင်းတိုက်ခံရပါတယ်။ ကျည်အစစ်နဲ့ပစ်တဲ့အတွက် ရဟန်းတော်တပါးလည်း ခြေထောက်ကျည်ထိထားပါတယ်။ အကြမ်းဖက် ဖမ်းဆီး လမ်းမှာတင် သင်္ကန်းကိုဇွတ်အတင်းချွတ် လူဝတ်လဲခိုင်းပြီး အမှတ် ၁၀ ရဲစခန်းကို ခေါ်သွားတယ်လို့ သိရပါသည်။"ဟု မန္တလေး သံဃသမဂ္ဂအဖွဲ့က အောက်တိုဘာလ(၁)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။



ဖမ်းဆီးခံရသည့် သံဃာများမှာ ဦးသိရိန္ဒ၊ ဦးဝိလာသ၊ ဦးသုစိတ္တ၊ ဦးရေဝတ နှင့် ဦးဝီရိယဓမ္မ ဖြစ်ပြီး လူပုဂ္ဂိုလ်(၃)ဦးမှာ ရှိုင်းအောင် ၊ ဌေးလွင်စိုးနှင့် မင်းဝင်းတို့ ဖြစ်ကြောင်း သိရသည်။

"အဖမ်းဆီးခံရသော ရဟန်းတော်များနှင့် ကျောင်းသားများမှာ ကျန်းမာရေးကောင်းမွန်ပြီး သာသနာနဲ့ ပြည်သူအတွက် အမှန်ရဲဝင့်စွာ ရပ်တည်ကြသော ငယ်ဖြူရဟန်းတော်များဖြစ်ပါတယ်။ ပရိယတ္တိဆိုင်ရာမှာလည်း သာသနာအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသော ရဟန်းတော်များဖြစ်ပါတယ်။ ဘယ်လိုပင် လူဝတ်ကို ဇွတ်အတင်းဝတ်ခိုင်းပါစေ၊ ကိုယ်တိုင်သိက္ခာမချသရွေ့ ရဟန်းဟာရဟန်းပါပဲ။ ပစ်မှား စော်ကား ရိုက်နှက်ပုတ်ခတ်မှုမှန်သမျှ တန်ပြန်ဝဋ်ကြွေးက လာမည်သာ ဖြစ်ပါတယ်။ တစုံတရာ ထိခိုက်ဒဏ်ရာပျောက်ရှဖြစ်ခဲ့သော် တာဝန်ယူမှု တာဝန်ခံမှုရှိရမှာ ဖြစ်ပါတယ်။"ဟုလည်း အသိပေး ထုတ်ပြန်ထားသည်။



 

မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်းသည် နိုင်ငံ့အာဏာသိမ်းခံရပြီးကတည်းက စတင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နေ့စဉ် ဆန္ဒပြနေရာ ယနေ့ ၂၀၂၁ခုနှစ်အောက်တိုဘာလ(၂)ရက်နေ့သည် မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်း၏ ဆန္ဒထွက်ပြခြင်း ရက်ပေါင်း (၂၃၆)ရက်မြောက်ဖြစ်သည်။

#TachileikNewsAgency

Photo: CJ