မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်းကို အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ လက်ပါးစေများက ကားဖြင့်တိုက်ပြီး ဖမ်းဆီး၍ (၆)ပါးဝန်းကျင် ဖမ်းဆီးခံရ

မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်းကို အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ လက်ပါးစေများက ကားဖြင့်တိုက်ပြီး ဖမ်းဆီး၍ (၆)ပါးဝန်းကျင် ဖမ်းဆီးခံရ
အောက်တိုဘာ 2, 2021

စစ်အာဏာရှင်ကို အလိုမရှိ၍ ရက်ပေါင်းကြာရှည်စွာ ဆန့်ကျင်တော်လှန်နေသည့်  မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်းအား မဟာအောင်မြေမြို့နယ် ရွှေဘိုကျောင်းအနီးတွင် အာဏာသိမ်းအဖွဲ့၏ လက်ပါးစေ စစ်သားများနှင့်ရဲတို့က  ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့ မွန်းလွဲပိုင်းက ကားဖြင့်တိုက်၍ ဖြိုခွင်းဖမ်းဆီးသည့်အတွက် သံဃာ(၆)ပါးဝန်းကျင် ဖမ်းဆီးခံရကြောင်း သိရသည်။

" ကားနဲ့တိုက်ပြီး ဖမ်းတာ။ ဦးဇင်း မြင်လိုက်တာတော့ (၆)ပါးလောက် ပါသွားတာမြင်လိုက်တယ်။ ဦးဇင်းလည်း ခု ပြေးနေရတယ်။ ကျန်တာဘာဆက်ဖြစ်လည်း မသိသေးဘူး"ဟု သပိတ်တွင် ပါဝင်သည့် ဆရာတော်တစ်ပါးက Tachileik News Agency သို့ မိန့်သည်။

မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်းသည် နိုင်ငံ့အာဏာသိမ်းခံရပြီးကတည်းက စတင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နေ့စဉ် ဆန္ဒပြနေရာ ယနေ့ ၂၀၂၁ခုနှစ်အောက်တိုဘာလ(၂)ရက်နေ့သည် မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်း၏ ဆန္ဒထွက်ပြခြင်း ရက်ပေါင်း (၂၃၆)ရက်မြောက်ဖြစ်သည်။