ချင်းပြည်နယ်အတွင်း လုံလဲရ်စခန်းသိမ်း တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က (၁၂)ဦး သေဆုံး

ချင်းပြည်နယ်အတွင်း လုံလဲရ်စခန်းသိမ်း တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က (၁၂)ဦး သေဆုံး
စက်တင်ဘာ 12, 2021

ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်း လုံလဲရ်ကျေးရွာရှိ အာဏာသိမ်းစစ်တပ်၏ အခြေစိုက်စခန်းအား CNA/CDF-ထန်တလန် မှ အင်အား(၄၀၀)ကျော်ဖြင့် တိုက်ခိုက်ရာက စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့ပြီး အာဏာသိမ်း စစ်တပ်ဘက်က (၁၂)ဦး သေဆုံးကာ CNA/CDF-ထန်တလန်ဘက်မှ (၈)ဦးသာ ထိခိုက်ဒဏ်ရာရရှိကြောင်း  CDF က စက်တင်ဘာလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

CNA/CDF-ထန်တလန်သည် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့က ထန်တလန်မြို့နယ်အတွင်း လုံလဲရ်ကျေးရွာရှိ အာဏာသိမ်းစစ်တပ်၏ အခြေစိုက်စခန်းအား အင်အား (၂၀၀)ကျော်ဖြငင့် စတင်တိုက်ခိုက်ရာတွင် အာဏာသိမ်းအဖွဲ့ဘက်က တိုက်လေယာဉ်ဖြင့်ပါ ပစ်ခတ်ခြင်းကြောင့် CNA/CDF-ထန်တလန်သည် ဆုတ်ခွဲခဲ့ရကြောင်း သိရသည်။

ဆက်လက်၍ စက်တင်ဘာလ(၁၁)ရက်နေ့ ည(၇)နာရီ (၄၅)နာရီအချိန်တွင် CNA/CDF-ထန်တလန်ဘက်က အင်အား (၄၀၀)ဝန်းကျင်ဖြင့် သွားရောက်ပြီး  ပြန်လည် တိုက်ခိုက်ရာမှ စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စခန်းအား မီးရှို့ဖျက်ဆီးကာ လက်နက်ခဲယမ်းများကို သိမ်းဆည်းရယူခဲ့ကြကြောင်း သိရသည်။