ရန်ကုန်တွင် Covid-19  ကာလအတွင်း အခက်အခဲဖြစ်သူများကို ရပ်ကွက်တွင်း ပြည်သူချင်း  တစ်နိုင်တစ်ပိုင်ကူညီမည့် Rice Bank စတင်

ရန်ကုန်တွင် Covid-19  ကာလအတွင်း အခက်အခဲဖြစ်သူများကို ရပ်ကွက်တွင်း ပြည်သူချင်း  တစ်နိုင်တစ်ပိုင်ကူညီမည့် Rice Bank စတင်
သြဂုတ် 10, 2021

ရန်ကုန်မြို့တွင် Covid-19  ကာလအတွင်း အခက်အခဲဖြစ်ရသူများကို ရပ်ကွက်နေ ပြည်သူချင်း မိမိတတ်နိုင်သလောက် ကူညီပေးမည့် “နိုင်သလောက် Rice Bank” ကို မြေနီကုန်းမှ လူငယ်တစ်ဦးက အလှူငွေကောက်ခံခြင်းမရှိဘဲ မိမိတစ်နိုင်ဖြင့် လှူဒါန်းခြင်းအစီအစဉ်အား ၂၀၂၁ ခုနှစ် ဩဂုတ်လ (၇) ရက်နေ့ကစတင်၍ လုပ်ဆောင်နေသည်။

လူတိုင်းကို မကူညီနိုင်တော့တဲ့ကာလဖြစ်လို့ ကို့ယ်ရပ်ကွက် ကိုယ့်မြို့နယ်လေးကိုပဲ နိုင်သလောက်လေး ပြန်ပြီး ကူညီချင်တာပါ။ ကျွန်တော်တို့ရပ်ကွက်အတွက် ပိုလျှံနေခဲ့ရင် နီးစပ်ရာ ရပ်ကွက်တွေကိုလည်း မျှဝေပေးသွားပါ့မယ်။ အခြားရပ်ကွက်တွေမှာလည်း တတ်နိုင်သူများ လုပ်ဆောင်ဖို့ တိုက်တွန်း ချင်ပါတယ်။ ကိုယ့်ရပ်ကွက် ကိုယ့်မြို့နယ်အတွင်းက ခက်ခဲသူများကို ဆက်လက်ပြီး နိုင်သလောက် ပြန်ကူညီ ကြဖို့လည်း နှိုးဆော်ပါရစေ။

ဟု နိုင်သလောက် Rice Bank ကို အကောင်အထည်ဖေါ်နေသည့် ကိုဆင့်ညီက လူမှုကွန်ယက်မှတစ်ဆင့် တိုက်တွန်းထားသည်။

မြေနီကုန်းဝန်းကျင်အတွင်း စားဝတ်နေရေးခက်ခဲ၍ အလံဝါထောင်ထားရသည့်မိသားစုများအပါအဝင် အကူအညီလိုသူများအနေဖြင့် “နိုင်သလောက် Rice Bank” ၏ဖုန်း 09969251974 ကိုဆက်သွယ်၍ ဆန်ရယူနိုင်ကြောင်း သိရသည်။

 အဆိုပါ အစီအစဉ်ကို စတင်သည့် ကိုဆင့်ညီက volunteer လူငယ်များစုပေါင်း၍ လုပ်ဆောင်ထားခြင်းဖြစ်ပြီး ငွေကြေးအလှူခံခြင်းမရှိဘဲ ပူးပေါင်းလှူဒါန်းလိုသူများအနေဖြင့် ဆန်နှင့်ဆီများကို ပေးပို့နိုင်သည်ဟု သိရသည်။

“ကျွန်တော့်အနေနဲ့လည်း လစဥ်ဆန်အိတ်အကြီး (၁၀) အိတ်ကနေ အိတ် (၂၀) တာဝန်ယူပြီး အဲဒီ  Rice Bank လေးထဲမှာ ထည့်ပေးသွားပါမယ်။ “နိုင်သလောက် Rice Bank"  လို့ ဘာလို့နာမည်ပေးထားတာလဲ ဆိုတော့ အလှူမခံဘဲ ကိုယ့်ငွေနဲ့ကိုယ် နိုင်သလောက်လေး လုပ်တာဖြစ်လို့ပါ။”ဟု အစီအစဉ်ကို အကောင်အထည်ဖေါ်နေသည့် ကိုဆင့်ညီက ဆိုသည်။

လိုအပ်နေသူများအား လိုက်လံကူညီပေးနေခြင်းထက် မိမိနေထိုင်ရာ ရပ်ကွက်အလိုက် လိုအပ်သူများကို ရပ်ကွက်တွင်းမှ တတ်နိုင်သူများက မျှဝေလှူဒါန်းခြင်းဖြင့် လိုအပ်သူများထံ အကူအညီ ပိုထိရောက်စွာရောက်ရှိနိုင်မည်ဖြစ်၍ ယင်းအစီအစဉ်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

 “နိုင်သလောက် Rice Bank”သို့ ဆက်သွယ်အကူအညီတောင်းလိုပါက ဖုန်းနံပတ် 09969251974 သို့ ဆက်သွယ်နိုင်မည်ဟု သိရသည်။

#TachileikNewsAgency