အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသည့် မန္တလေးမှ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းထွန်း အကျဉ်းထောင်တွင် COVID-19 ကူးစက်ခံရပြီး ကွယ်လွန်

အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသည့် မန္တလေးမှ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းထွန်း အကျဉ်းထောင်တွင် COVID-19 ကူးစက်ခံရပြီး ကွယ်လွန်
သြဂုတ် 8, 2021

အာဏာသိမ်းအဖွဲ့က  မန္တလေးအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းသည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့ နံနက် (၆) နာရီ (၃၈) မိနစ်တွင် COVID 19 ရောဂါဖြင့် မန္တလေး အကျဉ်းထောင်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

ရပ်ဝေးရပ်နီးအမျိုးမိတ်ဆွေများသို့ အသိပေးအပ်ပါတယ်။ သားကြီး ဒေါက်တာမောင်မောင်ငြိမ်းထွန်း အသက် (၄၅)နှစ်သည် ဒီနေ့  ၈.၈.၂၀၂၁ နံနက် ၆ နာရီ ၃၈ မိနစ်မှာ ကိုဗစ်ပြင်းထန် ဝေဒနာများမှ လွတ်မြောက်ပြီး ကောင်းမွန်ရာ ဘုံဘဝတပါးသို့ ငြိမ်းချမ်းစွာ ကူးပြောင်းသွားပါပြီ

ဟု ဒေါက်တာမောင်မောင်ငြိမ်းထွန်း၏ မိခင်က လူမှုကွန်ယက်မှတစ်ဆင့် အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီက မန္တလေးဆေးရုံကြီးမှ CDM ပြုလုပ်ထားသည့် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းကို ဖမ်းဆီးပြီး မတရားအသင်းဥပဒေပုဒ်မ ၁၇/၁ ဖြင့် ဇူလိုင်လ (၁၉) ရက်နေ့တွင် စွပ်စွဲအမှုဖွင့်ထားခြင်းဖြစ်သည်။