သွေးကင်ဆာရောဂါ ခံစားနေရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေအရ နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခွင့်ရရေး မျှော်လင့်  

သွေးကင်ဆာရောဂါ ခံစားနေရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေအရ နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခွင့်ရရေး မျှော်လင့်  
သြဂုတ် 7, 2021

COVID-19 တတိယလှိုင်းအတွင်း အကျဉ်းထောင်များ၌ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ စိုးရိမ်ဖွယ်ရှိနေသဖြင့် သွေးကင်ဆာဝေဒနာရှင် ဒေါက်တာဇော်မြင့်မောင်အတွက် စိုးရိမ်ဖွယ်အခြေအနေဖြစ်နေ၍ လွှတ်မပေးနိုင်ပါကလည်း နေအိမ်အကျယ်ချုပ်အဆင့်တွင် ထားရှိသင့်သည်ဟု NLD ဗဟိုကော်မတီဝင်က တောင်းဆိုလိုက်သည်။ 

ဆရာဇော်က သွေးကင်ဆာဖြစ်တဲ့အတွက် ဆေးကိုမပြတ်စားနေရတယ်။ စင်္ကာပူမှာ ဆေးကုပြီး ပြန်လာရတယ်။ အခုထောင်ထဲမှာ အနေအထိုင်ခက်ခဲပြီး ဆေးဝါးပုံမှန်ရနိုင်ရဲ့လားဆိုတာ မသေချာဘူး။ နောက်အခု COVI-19 ဖြစ်နေတဲ့အခြေအနေနဲ့ဆိုတော့ စိုးရိမ်စရာဖြစ်နေတယ်။ အခုချိန်မှာ ပုံမှန်သောက်သုံးရမယ့်ဆေးတွေ ရနေပါတယ်၊ ကုသခွင့်ရနေပါတယ်လို့ ထုတ်ပြန်တာတွေလည်း တစ်ခုမှမတွေ့သေးဘူး။ အင်မတန်ကြောက်လန့်လို့ ဆက်ပြီးဖမ်းထားချင်တယ်ဆိုရင်တောင် နေအိမ်အကျယ်ချုပ်လောက် ထားပေးပါလို့ တောင်းဆိုချင်ပါတယ်။

ဟု NLD ပါတီ ဗဟိုကော်မတီဝင် ဦးကျော်သီဟက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သွေးကင်ဆာဝေဒနာခံစားနေရသည့် ဒေါက်တာဇော်မြင့်မောင်ကို အိုးဘိုထောင်အကျဉ်းထောင်ဆေးရုံ Fever Clinic တွင် ဇူလိုင်လ (၂၉) ရက်နေ့ကတည်းက ကုသပေးနေရာမှ မသက်သာသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ်လ (၆) ရက်နေ့ ညပိုင်းတွင် ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းအဖွဲ့က NLD ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်ကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကတည်းက  ဖမ်းဆီးကာ အိုးဘိုထောင်တွင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။