မန္တလေးတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ် ဖမ်းဆီးသွားပြီးနောက် လူငယ်တစ်ဦး သေဆုံး

မန္တလေးတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ် ဖမ်းဆီးသွားပြီးနောက် လူငယ်တစ်ဦး သေဆုံး
ဇူလိုင် 31, 2021

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်တွင်  ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့က ပစ်ခတ်ဖမ်းဆီးသွားသူ (၇) ဦးအနက်မှ ဆီးခုံတွင် ဒဏ်ရရသွားသည့် လူငယ်မှာ သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အဖွဲ့က မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် အရှေ့ကန်ကောက်ရွာရှိ ဆန္ဒပြလူငယ်များနေထိုင်သည့်အိမ်ကို လက်နက်အပြည့်အစုံဖြင့် ပစ်ခတ်စီးနင်းရာ အရပ်သားလူငယ်(၇) ဦးဖမ်းခံရသည့်အနက် (၂) ဦးမှာ သေနတ်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရလူငယ် (၂) ဦးအနက်မှ ဆီးခုံတွင် သေနတ်ဒဏ်ရာရသွားသည့် ကိုစိုင်းရဲရင့်မှာ အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ထိန်းသိမ်းခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့မနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့က မန္တလာသပိတ်စစ်ကြောင်းကိုလည်း အရပ်ဝတ်များဖြင့် အသွင်ယူကာ ကားဖြင့်လိုက်တိုက်ဖမ်းဆီးသဖြင့် လူငယ် (၁) ဦး ဖမ်းဆီးခံခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့များက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မန္တလေးမှ သပိတ်စစ်ကြောင်းများကို ယခုရက်ပိုင်းအတွင်း အရပ်ဝတ်များဖြင့် အသွင်ယူပြီး ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေရာ  ဇူလိုင်လ (၂၇) ရက်နေ့ကလည်း မြတောင်သပိတ်စစ်ကြောင်းမှ အရပ်သားလူငယ် (၂) ဦး ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရကာ (၁) ဦး ဒဏ်ရာဖြင့် အဖမ်းခံခဲ့ရသည်။

ဇူလိုင်လ (၂၉) ရက်နေ့ကလည်း မြတောင်ကျောင်းတိုက်ကို ဝင်ရောက်စီးနင်းကာ သံဃာ (၂) ပါးနှင့် လူ (၄) ဦးကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသည်။ 

မန္တလေးတွင် ယခုတစ်ပတ်အတွင်း စစ်အာဏာရှင်သပိတ်များကို ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေနတ်ဒဏ်ရာရသည့် အရပ်သားလူငယ် (၅) ဦးရှိသည့်အနက် (၃) ဦး သေဆုံးခဲ့ရသည်။