မန္တလေးတွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က နေအိမ်ကို ပစ်ခတ်စီးနင်း ဖမ်းဆီးပြီး သပိတ်စစ်ကြောင်းကို အရပ်ဝတ်များက ကားဖြင့် လိုက်တိုက်

Photo: CJ
Photo: CJ
မန္တလေးတွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က နေအိမ်ကို ပစ်ခတ်စီးနင်း ဖမ်းဆီးပြီး သပိတ်စစ်ကြောင်းကို အရပ်ဝတ်များက ကားဖြင့် လိုက်တိုက်
ဇူလိုင် 31, 2021

မန္တလေးမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ အဖွဲ့က ဆန္ဒပြလူငယ်များနေထိုင်သည့်အိမ်ကို ပစ်ခတ်စီးနင်း၍ အရပ်သားလူငယ် (၂) ဦးဒဏ်ရာရပြီး (၇) ဦးဖမ်းခံရကာ သပိတ်စစ်ကြောင်းကို ကားဖြင့်လိုက်တိုက်ဖမ်းဆီး၍ အရပ်သားလူငယ် (၁) ဦး အဖမ်းခံရသည်။

အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့က မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ် အရှေ့ကန်ကောက်ရွာရှိ နေအိမ်တစ်လုံးကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့ နံနက်ပိုင်းတွင် လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်စီးနင်းမှုအတွင်း ပစ်ခတ်မှုကြောင့် အရပ်သား (၂) ဦး ဒဏ်ရာရခဲ့ကာ (၇) ဦးအဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ယနေ့မနက်ပိုင်းမှာပင် မန္တလာသပိတ်စစ်ကြောင်းကိုလည်း အရပ်ဝတ်များဖြင့် အသွင်ယူထားသည့် အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့က ကားဖြင့်လိုက်တိုက်သဖြင့် ဆန္ဒပြအရပ်သားလူငယ် (၃) ဦးစီးနင်းလာသည့် ဆိုင်ကယ်အတိုက်ခံခဲ့ရကာ (၁) ဦးအဖမ်းခံရသည်။

အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့များက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မန္တလေးမှ သပိတ်စစ်ကြောင်းများကို ယခုရက်ပိုင်းအတွင်း အရပ်ဝတ်များဖြင့် အသွင်ယူပြီး ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေရာ  ဇူလိုင်လ (၂၇) ရက်နေ့ကလည်း မြတောင်သပိတ်စစ်ကြောင်းမှ အရပ်သားလူငယ် (၂) ဦး ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရကာ (၁) ဦး ဒဏ်ရာဖြင့် အဖမ်းခံခဲ့ရသည်။

ဇူလိုင်လ (၂၉) ရက်နေ့ကလည်း မြတောင်ကျောင်းတိုက်ကို ဝင်ရောက်စီးနင်းကာ သံဃာ (၂) ပါးနှင့် လူ (၄) ဦးကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသည်။



#TachileikNewAgency