မန္တလေးမြတောင်သပိတ်ကို အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက ပြည်သူအဖြစ် ဟန်ဆောင်ပြီး အရပ်ဝတ်ဖြင့် ကင်းပုန်းဝပ်ပစ်ခတ်၍ သေဆုံးသူနှင့် ထိခိုက်သူများ ရှိနေ

မန္တလေးမြတောင်သပိတ်ကို အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက ပြည်သူအဖြစ် ဟန်ဆောင်ပြီး အရပ်ဝတ်ဖြင့် ကင်းပုန်းဝပ်ပစ်ခတ်၍ သေဆုံးသူနှင့် ထိခိုက်သူများ ရှိနေ
ဇူလိုင် 27, 2021

မန္တလေးမြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့ နံနက် (၁) နာရီဝန်းကျင်က နိုင်ငံ့အာဏာသိမ်းထားသည့် စစ်တပ်အား လက်မခံကြောင်း ဆန္ဒထုတ်ဖေါ်သူများကို အာဏာသိမ်းအဖွဲ့၏စစ်တပ်က အရပ်ဝတ်များဖြင့် ပြည်သူများအဖြစ်ဟန်ဆောင်ပြီး စောင့်ဆိုင်းကာ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ အနည်းဆုံး (၂) ဦးခန့်ရှိမည်ခန့်မှန်းရပြီး ဖမ်းဆီးခံရသူများလည်းရှိကြောင်း သိရသည်။

ဘေးက အလံကိုင်ထားတဲ့ကောင်မလေး လဲကျသွားတယ်။ ကျန်တဲ့သူတွေလည်း အကုန်တန်းပြေးသွားတာ။ အဖမ်းခံရတဲ့စာရင်းရော၊ သေဆုံးစာရင်းရော အတိအကျမသိသေးဘူး

ဟု သပိတ်တွင် ပါဝင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မဟာမုနိဘုရားကြီးအရှေ့မုဒ်မှာ မြတောင်သပိတ်စစ်ကြောင်းက သပိတ်ပြုလုပ်စဥ် အာဏာသိမ်းအဖွဲ့၏ အရပ်ဝတ်များက ကင်းပုန်းချစောင့်ဆိုင်းပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်အချို့ထံမှ သိရသည်။

အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက အကြမ်းဖက်ပစ်ခတ်မှုအတွင်း အမျိုးသမီးငယ်တစ်ဦးအပါအဝင် (၃) ဦးဒဏ်ရာရရှိသည်ကို တွေ့ရပြီး သေဆုံးသည်ဟု ယူဆရသူ (၂) ဦးတွေ့ရသည်ဟု မျက်မြင်တွေ့သူအချို့က ပြောသည်။

မန္တလေးမြို့ကို အာဏာသိမ်းအဖွဲ့က လက်နက်ကိုင်အင်အားများဖြင့် တင်းကြပ်ထားသည့်ကြားမှ ပြည်သူများကလည်း အာဏာရှင်ပြုတ်ကျရေးသပိတ်များကို နေ့စဥ်ပြုလုပ်နေကြခြင်းဖြစ်သည်။

 NLD ပါတီအနိုင်ရကြောင်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ထွက်လာချိန်တွင် စစ်တပ်က ၎င်းတို့ဘာသာစစ်ထားသည့် စာရင်းများအရ မဲစာရင်းမှားသည်ဟုဆိုကာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အစိုးရအဖွဲ့မှ NLD ပါတီဝင်များအပါအဝင် နိုင်ငံတဝန်းမှ NLD ပါတီ တာဝန်ရှိသူများကို ဖမ်းဆီးကာ နိုင်ငံ့အာဏာသိမ်းလိုက်ခြင်းဖြစ်သည်။

ပြည်သူ့ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ကာ အာဏာသိမ်းမှုအား လက်မခံသည့် ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်မှုများကိုလည်း အာဏာသိမ်းအဖွဲ့က လက်နက်ကိုင်တပ်ဖွဲ့များသုံး၍ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာ ဇူလိုင်လ (၂၆) ရက်နေ့အထိ စာရင်းရယူထားနိုင်သည့် ကျဆုံးပြည်သူ (၉၃၄)ဦးရှိနေပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းအရ သိရသည်။



ယင်းအပြင် အာဏာသိမ်းအဖွဲ့က ဖမ်းဆီးခြင်းခံရသူ ပြည်သူ (၅၃၇၀)ဦးအထိရှိနေပြီး အာဏာသိမ်းအဖွဲ့က တင်းကြပ်စွာဖိနှိပ်နေသော်လည်း  အာဏာသိမ်းထားသည့် (၆) လတာကာလကြာသည်အထိ ပြည်သူများက ဆန္ဒထုတ်ဖေါ်မှုများ၊ နည်းလမ်းမျိုးစုံဖြင့်ဆန့်ကျင်မှုများဖြင့် ဆက်လက် တော်လှန်နေကြဆဲဖြစ်သည်။