ထောင်တွင်းဆန္ဒပြ သတင်းကြောင့် မန္တလေး အိုးဘို အကျဥ်းထောင်ကို အာဏာသိမ်း စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် လုံခြုံရေးယူ

ထောင်တွင်းဆန္ဒပြ သတင်းကြောင့် မန္တလေး အိုးဘို အကျဥ်းထောင်ကို အာဏာသိမ်း စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် လုံခြုံရေးယူ
ဇူလိုင် 23, 2021

မန္တလေး အိုးဘိုအကျဥ်းထောင်တွင် ၂၀၂၁ ခုနှစ်၊  ဇူလိုင်လ (၂၃) ရက်နေ့ နံနက်ပိုင်းက ထောင်တွင်းဆန္ဒပြသည်ဟု သတင်းထွက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်က လုံခြုံရေးအင်အားအများအပြားချထားလာသည်ကို တွေ့ရသည်ဟု အကျဉ်းထောင်အနီးဝန်းကျင်တွင် နေထိုင်သူများထံမှ သိရသည်။

ထောင်ထဲက ခဏတော့ အော်သံကြားလိုက်တယ်။ ခဏလေးပဲ ကြားရတာ။ နောက်ထပ် ဘာမှမကြားရတော့ဘူး

ဟု အကျည်းထောင်အနီးနေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းနောက် နေ့လယ်ပိုင်းတွင် ထောင်အနီးဝန်းကျင် အရှေ့ထိပ်၊ အနောက်ထိပ်ကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ပိတ်ဆို့ထားပြီး နေ့လယ်ခင်းတွင် စစ်တပ်ကားများ လှည့်လည်နေကြောင်း သိရသည်။

ယနေ့ ဇူလိုင် (၂၃) ရက် နံနက် (၈) နာရီခန့်အချိန်တွင် အင်းစိန်အကျဉ်းထောင်တွင်းမှ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့်ပတ်သက်သော ကြွေးကြော်သံများဟစ်ကြွေး၍ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဆန္ဒပြမှုမှာ အင်းစိန်သီးသန့်ထောင်၏ အမျိုးသမီးဆောင်မှ စတင်၍ ဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ပြီးနောက် အကျဉ်းထောင်တစ်ခုလုံး ပူးပေါင်းပါဝင်ကာ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတချို့လည်း အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့ကြသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည့်သတင်းအရ သိရသည်။