အာဏာသိမ်းစစ်ကောင်စီအဖွဲ့က (၃) ရက်အတွင်း မန္တလေးမှ ပရဟိတဆရာဝန် (၂) ဦးကို ဖမ်းဆီးထား

အာဏာသိမ်းစစ်ကောင်စီအဖွဲ့က (၃) ရက်အတွင်း မန္တလေးမှ ပရဟိတဆရာဝန် (၂) ဦးကို ဖမ်းဆီးထား
ဇူလိုင် 20, 2021

COVID 19 တတိယလှိုင်းအတွက် ဆရာဝန်များကို ကန်ထရိုက်စနစ်ဖြင့်ခန့်ရန် ကြိုးစားနေရသည့် အာဏာသိမ်းစစ်ကောင်စီက (၃) ရက်တာကာလအတွင်း မန္တလေးမှ COVID 19 လူနာများကို ကုသပေးနေသည့် ဆရာဝန် (၂) ဦးကို ဖမ်းဆီးထားပြီး ဖမ်းရသည့်အကြောင်းရင်းကို ဇူလိုင်လ (၂၀) ရက်နေ့အထိ မသိရသေးကြောင်း အဆိုပါဆရာဝန်များနှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

မန္တလေးမြို့၌ COVID 19 လူနာများအား Online Telemedicine ဖြင့် ကုသပေးနေသည့်အပြင် မြေပြင်တွင် ဆေးကျောင်းသူကျောင်းသားအဖွဲ့များနှင့်တွဲ၍ ကုသပေးရန်ပြင်ဆင်နေသည့် ဒေါက်တာ ကျော်ကျော်သက်အား အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့ညပိုင်းတွင်  ရိုက်နှက်အကြမ်းဖက် ဖမ်းသွားပြီး ဇူလိုင်လ (၁၆) ရက်နေ့တွင်လည်း လူနာအားသွားရောက်ကုသပေးပြီး ပြန်လာသည့် အထူးကုဆရာဝန် ဒေါက်တာသက်ဌေးကို ထပ်မံဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာကျော်ကျော်သက်သည်  စစ်အာဏာသိမ်းခံရသည့်ကာလအတွင်း ဆေးကျောင်းသား/ ဆေးကျောင်းသူများ ပညာရေးအဆက်မပြတ်စေရန်အတွက် Lecture များပေးခြင်း၊ လက်တွေ့ လူနာကုသနည်း သင်တန်းများ အခမဲ့ပေးခြင်း နှင့် ပြည်သူများအတွက် ဆေးပညာဆိုင်ရာ ဗဟုသုတများ မျှဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့်အပြင် ပရဟိတအသင်းများအား ပညာရပ်ဆိုင်ရာအကြံပေးချက်များ ပေးခြင်းနှင့် လက်ရှိတွင်လည်း COVID 19 လူနာများအား ကုသရေးအတွက် လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

အလားတူ ခွဲစိတ်အထူးကုဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာသက်ဌေးသည် ပရဟိတဆေးခန်းများ၊ ဆေးရုံများမှာ လူနာများကို အခမဲ့ ကြည့်ရှုကုသ ခွဲစိတ်ပေးနေသည့်အပြင် အရေးပေါ်လူနာများကို အခက်အခဲများကြားမှ လိုက်လံကုသပေးနေသည့်ဆရာဝန်တစ်ဦးဖြစ်ကာ ဆေးကျောင်းသားကျောင်းသူများကိုလည်း online platform မှ ပို့ချမှုများပြုလုပ်ပေးနေသည့် ဆရာဝန်တစ်ဦးဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက အဆိုပါဆရာဝန်များအား မည်သည့်အတွက် ဖမ်းဆီးပြီး မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို ဇူလိုင်လ (၂၀) ရက်နေ့အထိ မိသားစုဝင်များ သိရှိခြင်းမရှိသေးကြောင်း သိရသည်။