MDY - PDF မှ ခေါင်းဆောင်တစ်ဦး အပါအဝင် (၄)ဦး ဖမ်းမိသည်ဟု သတင်းများထွက်နေသော်လည်း ခေါင်းဆောင် ဖမ်းဆီးခံရခြင်းမရှိဟု MDY - PDF သတင်းထုတ်ပြန်

MDY - PDF မှ ခေါင်းဆောင်တစ်ဦး အပါအဝင် (၄)ဦး ဖမ်းမိသည်ဟု သတင်းများထွက်နေသော်လည်း ခေါင်းဆောင် ဖမ်းဆီးခံရခြင်းမရှိဟု MDY - PDF သတင်းထုတ်ပြန်
ဇွန် 24, 2021

စစ်အာဏာရှင်ကို တော်လှန်နေသည့် MDY-PDF ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ထွန်းတောက်နိုင် အပါအဝင် (၄) ဦးအား လက်နက်များနှင့်အတူ ဖမ်းမိသည်ဟု လူမှုကွန်ယက်တွင် ပုံအချို့နှင့်အတူ ပျံ့နှံ့နေသော်လည်း MDY-PDF က ဗိုလ်ထွန်းတောက်နိုင်မှာ လုံခြုံဘေးကင်းနေပြီး ဖမ်းဆီးခံရခြင်းမရှိကြောင်း MDY - PDF က ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။



သတင်းပို့ကြေးနန်းအပိုင်းအစတစ်ခု၊ လက်နက်များနှင့် မည်သူမည်ဝါအတည်ပြုနိုင်ရန် ရှင်းရှင်းလင်းလင်းမမြင်ရသည့် ဖမ်းဆီးခံအမျိုးသား (၄) ဦးပုံတို့ဖြင့် သတင်းများပျံ့နှံ့နေခြင်းဖြစ်သည်။



MDY - PDF များ၏ လုံခြုံရေးအခြေအနေအရ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားတော့မည်မဟုတ်သော်လည်း MDY -PDF အနေဖြင့် အခြေအနေများကို ထုတ်ပြန်ပေးသွားမည်ဟု အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရသည်။

မန္တလေးမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၂၂)ရက်နေ့ နံနက်ပိုင်းက  ချမ်းမြသာစည်မြို့နယ်အတွင်း MDY -PDF အချို့ရှိနေသည့်နေရာကို အာဏာသိမ်းစစ်တပ်က တပ်အင်အား၊ လက်နက်အင်အား အများအပြားဖြင့် ဝင်ရောက် တိုက်ခိုက်သည့်အပြင် လမ်းမှမော်တော်ယာဉ်တစ်စီးကို လိုက်လံပစ်ခတ်ရာ (၈) ဦး သေဆုံးပြီး (၈) ဦးဖမ်းမိသည်ဟု အာဏာသိမ်းစစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သော်လည်း လမ်းတွင်မောင်းနှင်နေသည့်ကားမှာ PDF များမဟုတ်ဘဲ အရပ်သားကားအား အာဏာသိမ်းတပ်က ဗုံးခွဲဖမ်းဆီးလိုက်၍ ယာဉ်ပေါ်ပါသူ အရပ်သား (၄) ဦး သေဆုံးရခြင်းဖြစ်သည်ဟု သိရသည်။



ယင်းအပြင် ဖမ်းဆီးရမိသူ (၈)ဦးဟု သတင်းထုတ်ပြန်သော်လည်း ဖမ်းဆီးရသည့် PDF အရေအတွက်မှာ (၈) ဦးမရှိကြောင်း PDF က ထုတ်ပြန်ထားပြီး အရပ်သားဖမ်းဆီးခံရခြင်းများလည်းရှိသည်ဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။