ပြင်ဦးလွင်မြို့ရှိ 99 လက်ဖက်ရည်ဆိုင် ပိုင်ရှင်နှင့် ဝန်ထမ်းများအား လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ် ပန်းများမျှဝေသည်ဟု ဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့က ဖမ်းဆီး 

ပြင်ဦးလွင်မြို့ရှိ 99 လက်ဖက်ရည်ဆိုင် ပိုင်ရှင်နှင့် ဝန်ထမ်းများအား လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ် ပန်းများမျှဝေသည်ဟု ဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့က ဖမ်းဆီး 
ဇွန် 19, 2021

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ 99 လက်ဖက်ရည်ဆိုင်၏ ဆိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းများက လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ်  ပန်းပန်ခြင်း၊ ပန်းများမျှဝေခြင်းပြုလုပ်သည်ကို အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့က ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့ နံနက်ပိုင်း၌ လာရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။  



အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် ရဲအဖွဲ့များက ဆိုင်ရှင်အပါအဝင် ဆိုင်ဝန်ထမ်း စုစုပေါင်း (၁၅) ဦးဝန်းကျင်ကို နံနက် (၁၁) နာရီဝန်းကျင်တွင် လာရောက်ဖမ်းဆီးခေါ်သွားကြခြင်းဖြစ်သည်ဟု သိရသည်။



ဆိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းများအား မည်သည့်နေရာသို့ ခေါ်သွားသည်ကို မသိရသေးဘဲ လက်ရှိအချိန်ထိ အဆိုပါ လက်ဖက်ရည်ဆိုင်ကို ပိတ်ထားသည်ကို တွေ့ရသည်။ 



လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏  ၇၆ နှစ်ပြည့်မွေးနေ့အဖြစ် နိုင်ငံတဝန်းမှ ပြည်သူများက အလှူအတန်းပြုလုပ်ခြင်း၊  ပန်းများပန်ဆင်ခြင်း၊ မျှဝေခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်ပြုလုပ်ခြင်းများကို မိမိတို့အစီအစဉ်ဖြင့် အသီးသီးလုပ်ဆောင်နေကြသည်ကို အာဏာသိမ်းအဖွဲ့က လိုက်လံဖျက်ဆီး၊ ဖမ်းဆီးခြင်းများကို လုပ်နေခြင်းဖြစ်သည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံ့အာဏာကို သိမ်းလိုက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးကာ ပုဒ်မမျိုးစုံဖြင့်အမှုဖွင့် တရားစွဲဆိုခြင်းကို လုပ်နေခြင်းဖြစ်သည်။