စစ်ဘေးရှောင်များရှိနေသည့် လွိုင်ကော်မှ ဘုရားကျောင်းကို လက်နက်ကြီးပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ကတ်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က မေတ္တာရပ်ခံစာ ထုတ်ပြန်

စစ်ဘေးရှောင်များရှိနေသည့် လွိုင်ကော်မှ ဘုရားကျောင်းကို လက်နက်ကြီးပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ကတ်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က မေတ္တာရပ်ခံစာ ထုတ်ပြန်
မေ 25, 2021

လူ့အသက်၏ ဂုဏ်သိက္ခာနှင့် ဘုရားကျောင်းကန်၊ ဘာသာရေးဆိုင်ရာ ကိုးကွယ်ရာနေရာများ၌ ခိုလှုံနေကြသော ပြည်သူများကို လေးစားတန်ဖိုးထားကြရန် မြန်မာနိုင်ငံ ကတ်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ၂၀၂၁ ခုနှစ် မေလ (၂၅) ရက်နေ့တွင် အနူးအညွတ်မေတ္တာရပ်ခံလိုက်သည်။

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့အနီးရှိ ကယန်းသာယာကျေးရွာတွင် စစ်ဘေးရှောင်များ ခိုလှုံနေကြသည့် ယေဇူးရွှေနှလုံးတော်ဘုရားရှိခိုးကျောင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က မေလ (၂၃) ရက်နေ့ ညသန်းခေါင်ယံတွင် လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားပြည်သူ (၄) ဦးသေဆုံးရပြီး ဒဏ်ရာရသူများလည်းရှိခဲ့ပြီးနောက် ယင်းကဲ့သို့ မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခများအတွင်း အများပြည်သူအနေဖြင့် ဘာသာရေးဆိုင်ရာ ရှိခိုးကိုးကွယ်သောနေရာများ၊ ဆေးရုံများ၊ စာသင်ကျောင်းများတွင် လုံခြုံသောအကာအကွယ်အဖြစ် နိုင်ငံတကာတွင် သတ်မှတ်လိုက်နာကြသော်လည်း မြန်မာ့အာဏာသိမ်းစစ်တပ်သည် ဘုရားစေတီများတွင် တပ်စွဲခြင်း၊ ဆေးရုံ၊ကျောင်းများတွင် စခန်းချခြင်းများကို လုပ်သည်ကိုတွေ့ရသည့်အပြင် စစ်ဘေးရှောင်များရှိနေသည့် ဘာသာရေးအဆောက်အဦးများကို ပစ်ခတ်ခြင်းများပါ လုပ်ဆောင်နေခြင်းဖြစ်သည်။