မန္တလေးမြို့ရှိ ရတနာပုံခန်းမကို  အာဏာသိမ်းစစ်ခေါင်းဆောင် တက်ရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းထွက် 

ပုံအညွန်း - မေလ(၁၆)ရက်နေ့တွင် မန္တလေးမြို့တွင်း ရဟတ်ယာဉ်ပျံသန်းစဉ်
ပုံအညွန်း - မေလ(၁၆)ရက်နေ့တွင် မန္တလေးမြို့တွင်း ရဟတ်ယာဉ်ပျံသန်းစဉ်
မန္တလေးမြို့ရှိ ရတနာပုံခန်းမကို  အာဏာသိမ်းစစ်ခေါင်းဆောင် တက်ရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းထွက် 
မေ 16, 2021

 မန္တလေးမြို့၊ (၃၈)လမ်း နှင့် (၇၈)လမ်းထောင့်ရှိ  ရတနာပုံခန်းမအား ဖွင့်ပွဲ ပြုလုပ်ရန်အတွက် အာဏာသိမ်းစစ်ကောင်စီ၏ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  မေလ(၁၇)ရက်နေ့တွင် လာရောက်ဖွင့်လှစ်ပေးမည်ဟု သတင်းများထွက်ပေါ်နေသည်။

"(၁၇)ရက်နေ့မှာ လာဖွင့်မယ်လို့ ကြားထားတယ်။ မေလ(၁၄)ရက်နေ့ကတည်းက ရတနာပုံခန်းမမှာ လုံခြုံရေး (၂)ဆချထားတာ။ မိုင်းရှင်းလင်းရေးတွေလည်း လုပ်‌ဆောင်ထားတယ်။ အဲ့ခန်းမနားက အနီးဆုံးတိုက် အမြင့်တွေပေါ်မှာလည်း စနက်ပါတွေနဲ့ လုံခြုံရေးချထားတာတွေရှိတယ်"ဟု မန္တလေးမြို့မှ တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းရင်းမြစ်များက ပြောသည်။ 

ယနေ့ မေလ(၁၆)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်ကလည်း ရဟတ်ယာဉ် တစ်စီး နန်းတွင်းထဲသို့ ဆင်းကြောင်း သိရသည်။

ခရီးစဉ်အတွက် အရှေ့ (၇၄)လမ်း၊ အနောက်(၈၂)လမ်း၊ တောင်ဘက် (၇၈)လမ်း အမှတ်(၁၁)ရဲစခန်းမှ မြောက်ဘက် (၃၅)လမ်းအထိ တပ်မ (၃၃)၊ တပ်မ(၈၈) နှင့် တပ်မ(၉၉)အပါအဝင် ရဲတပ်ဖွဲ့တို့က လုံခြုံရေးနေရာများ ယူထားကြောင်း သိရသည်။