အာဏာသိမ်းအဖွဲ့က နယ်စပ်သွင်းကုန် ဒုတိယမြောက်ကန့်သတ်မှုအဖြစ် ဆိုင်ကယ်တင်သွင်းခြင်းကို ကန့်သတ်

အာဏာသိမ်းအဖွဲ့က နယ်စပ်သွင်းကုန် ဒုတိယမြောက်ကန့်သတ်မှုအဖြစ် ဆိုင်ကယ်တင်သွင်းခြင်းကို ကန့်သတ်
မေ 9, 2021

အာဏာသိမ်းအဖွဲ့က နိုင်ငံ့အာဏာသိမ်းထားသည့် (၃)လကျော်ကာလအတွင်း နယ်စပ်သွင်းကုန်များအား ဒုတိယမြောက် တားဆီးပိတ်ပင်မှုအဖြစ် နယ်စပ်မှဆိုင်ကယ်တင်သွင်းခွင့်များကို ၂၀၂၁ခုနှစ် မေလ(၈)ရက်နေ့ကစ၍ ဆိုင်းငံ့ထားရန် ညွှန်ကြားထားကြောင်း သိရသည်။

နယ်စပ်ဒေသများမှ မော်တော်ဆိုင်ကယ်တင်သွင်းရန် လိုင်စင်လျှောက်ထားမှုများကို ၂၀၂၁ ခုနှစ် မေလ (၈) ရက်နေ့မှစ၍ နောက်ထပ်ညွှန်ကြားချက်မရမချင်း ယာယီဆိုင်းငံ့ထားရန်ဟု ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်ကို မြဝတီကုန်သွယ်ရေးဇုန်မှ သက်ဆိုင်ရာ ဌာနအသီးသီးသို့ မေလ (၈) ရက်နေ့ ရက်စွဲဖြင့် ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါညွှန်ကြားချက်ထွက်ရန် ရက်ပိုင်းအလိုကလည်း မြို့ကြီးများရှိ ဆိုင်ကယ်အရောင်းပြခန်း(Showroom)များတွင် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့က ဆိုင်ကယ်များ လိုက်လံသိမ်းဆည်းမှုများ လုပ်ဆောင်သလို မေလ(၈)ရက်နေ့ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း လိုက်လံစစ်ဆေးမှုများ လုပ်ဆောင်သည့်အတွက် ဆိုင်ကယ်အရောင်းဆိုင်များ ပိတ်ထားလိုက်ရသည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ ပြည်သူများက တပ်နှင့်ဆက်နွှယ်သည့်လုပ်ငန်းများမှ ထုတ်ကုန်များကို မသုံးစွဲဘဲ သပိတ်မှောက်သည့်လှုပ်ရှားမှုများ လုပ်ဆောင်လာကြရာ အာဏာသိမ်းအဖွဲ့က နယ်စပ်ဝင်ပေါက်အသီးသီးမှနေ၍ အချိုရည်၊ ကော်ဖီမစ်မျိုးစုံ၊ တီးမစ်မျိုးစုံ၊ Instant Coffee၊ နို့ဆီ/နို့စိမ်း စသည့် စားသောက်ကုန်ပစ္စည်းများ တင်သွင်းခြင်းကိုလည်း ၂၀၂၁ ခုနှစ်၊ မေလ (၁) ရက်နေ့မှစ၍ ကန့်သတ်ထားခြင်းဖြစ်သည်။