မန္တလေး စိန်ပန်းရပ်ကွက် ပစ်ခတ်မှု သေဆုံး (၂) ဦးနှင့် ထိခိုက်ဒဏ်ရာရသူအများအပြားရှိနေ

မန္တလေး စိန်ပန်းရပ်ကွက် ပစ်ခတ်မှု သေဆုံး (၂) ဦးနှင့် ထိခိုက်ဒဏ်ရာရသူအများအပြားရှိနေ
မတ် 13, 2021

မန္တလေးမြို့ ၄၁ လမ်းနှင့် လမ်း၉၀(A)ဝန်းကျင်တွင် ၂၀၂၁ ခုနှစ် မတ်လ (၁၃) ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ထိုင်သပိတ်ကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ (၂) ဦီးရှိနေပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိနေကြောင်း သိရသည်။

အဆိုပါနေရာရှိ သပိတ်ပေါင်းစုံ ထိုင်သပိတ်ကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲအဖွဲ့က နံနက် (၁၀) ဝန်းကျင်တွင် စတင်၍ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲရာ ထိုင်သပိတ်လုပ်ဆောင်နေသူများအပြင် အနီးပတ်ဝန်းကျင်ကိုပါ ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် အမျိုးသမီး(၁) ဦးသေဆုံးသွားသည့်အပြင် အမျိုးသား (၁) ဦး၏အလောင်းကိုလည်း ပစ်ခတ်သူများက ဆွဲယူသွားသည်ကိုလည်း တွေ့ရသည်ဟု အနီးဝန်းကျင်တွင် ရောက်နေသူများထံမှ သိရသည်။

နေ့လယ် (၁၂) နာရီဝန်းကျင်အချိန်ထိ စိန်ပန်းရပ်ကွက်အတွင်း ပစ်ခတ်နေဆဲဖြစ်သည့်အပြင် လိုက်လံဖမ်းဆီးမှုများလည်း လုပ်ဆောင်နေချိန်တွင် မန္တလေးမြို့၏ သပိတ်ပေါင်းစုံကလည်း ပြန်လည်ချီတက်လာနေသည်ဟု သိရသည်။

မန္တလေးတွင် ပစ်ခတ်မှုအတွင်း သေဆုံးသွားရသည့် အရပ်သားအချို့၏အလောင်းကို စစ်တပ်နှင့် ရဲအဖွဲ့က ပြန်လည်ပေးအပ်ခြင်းမရှိသည့်ဖြစ်စဉ်များလည်းရှိနေသည်။