မြတောင်ဘုန်းကြီးကျောင်း ပတ်ဝန်းကျင် စစ်တပ်နှင့်ရဲက သေနတ်နှင့်လိုက်ပစ်

မြတောင်ဘုန်းကြီးကျောင်း ပတ်ဝန်းကျင် စစ်တပ်နှင့်ရဲက သေနတ်နှင့်လိုက်ပစ်
မတ် 8, 2021

အာဏာသိမ်းမှုကို နေ့စဥ်ဆန္ဒပြ သပိတ်စစ်ကြောင်းထွက်နေသည့် မန္တလေးမြို့ရှိ မြတောင်ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်ကို စစ်တပ်နှင့်ရဲက သေနတ်နဲ့ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

မန္တလေးမြို့ ၈၄လမ်း၊၈၅လမ်း၊ ၈၆လမ်းနှင့် ၃၇လမ်း၊၃၈လမ်း၊၃၉လမ်းဝန်းကျင်တို့မှာ အသံဗုံးဖောက်ခွဲမှုနှင့်သေနတ်ပစ်ခတ်မှုများကို ယနေ့ မတ်လ(၈)ရက်နေ့ ညနေ၄နာရီဝန်းကျင်တွင် ပြုလုပ်သွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်းသိရသည်။

"ဘေးနားကနေ ပစ်ပြီးဖြတ်သွားတဲ့အချိန် ဓာတ်ပုံ၊ဗီဒီယိုမရိုက်နဲ့ရိုက်ရင်ပစ်သတ်မယ်ဆိုပြီး  ဆဲသွားသေးတယ် "ဟု အဆိုပါပတ်ဝန်းကျင်တွင်နေထိုင်သူတစ်ဦးကပြောသည်။

မန္တလေးမြို့တွင် စစ်တပ်က နံနက်အစောပိုင်းတွင် စက်မှုမြို့သစ်ဘက်မှာ ရပ်ကွက်များအတွင်း ဝင်ရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး စစ်ကားနှင့်နောက်မှ ဝင်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ၃ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။



Tachileik News Agency