လွတ်လပ်သော ရှမ်းပြည်နယ်သတင်းမီဒီယာများ၏ သဘောထားထုတ်ပြန်ချက်

လွတ်လပ်သော ရှမ်းပြည်နယ်သတင်းမီဒီယာများ၏ သဘောထားထုတ်ပြန်ချက်
ဖေဖော်ဝါရီ 25, 2021 | ရှမ်းတောင်

လွတ်လပ်သော ရှမ်းပြည်နယ်သတင်းမီဒီယာများ၏ သဘောထားထုတ်ပြန်ချက်



နေ့စွဲ။ ။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်

၁။ အရပ်သားအစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းပြီး တပ်မတော်မှအာဏာ သိမ်းယူသည့် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းတွင် သတင်းမီဒီယာများ၏ စကာလုံးသုံးနှုန်းမှု များနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းမီဒီယာများထံ ဖိအားပေးမှုများ ရှိနေသည်။



၂။ “အာဏာသိမ်းအစိုးရ”၊ “စစ်အစိုးရ”၊ “စစ်ကောင်စီ” စသည့်အသုံးအနှုန်းများ မသုံးရန် သတင်းမီဒီယာများကို တိုက်ရိုက်စာပို့၍သော်လည်းကောင်း၊ အစည်းအဝေးများတွင် ထုတ်ပြော၍ လည်းကောင်း ဖိအားပေးမှုများ ရှိနေပါသည်။



၃။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က)နှင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၄ (က)တို့တွင် သတင်းမီဒီယာများ၏ လွတ်လပ်စွာ သတင်းရေးသားထုတ်လွှင့်ခြင်းဆိုင်ရာ အခွင့်အရေးကို ပြဋ္ဌာန်းထားပြီး ဖြစ်သလို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း စာပိုဒ် (၁၉) တွင်လည်း လွတ်လပ်စွာ သတင်းရေးသားထုတ်လွှင့်ခြင်းဆိုင်ရာ အခွင့်အရေးများကို ပြဋ္ဌာန်း ထားပါသည်။



၄။ လွတ်လပ်ပြီး အမှီအခိုကင်းသည့် သတင်းမီဒီယာများတွင် သက်ဆိုင်ရာ သတင်းတိုက်အသုံး- House Style နှင့် သတင်းမူဝါဒ - House Policy ဟူ၍ရှိပြီး သတင်းမီဒီယာ ကျင့်ဝတ်စံနှုန်းနှင့် အညီ လွတ်လပ်စွာဆုံးဖြတ် သတ်မှတ်ထားကြပြီး ဖြစ်ပါသည်။



၅။ ရှမ်းပြည်နယ်အတွင်းရှိ လွတ်လပ်သော သတင်းမီဒီယာများအနေဖြင့် ရေးသားထုတ်လွှင့် ဖော်ပြသည့် အကြောင်းအရာ၊ စကားလုံးအသုံးအနှုန်းများနှင့် ပတ်သက်ပြီး သတင်းကျင့်ဝတ် စံနှုန်းနှင့်အညီ ကိုယ်ပိုင် သတင်းတိုက်အသုံး- House Style နှင့် သတင်းမူဝါဒ - House Policy တို့အပေါ် အခြေခံကာ ဖြစ်ပေါ်နေသည့် ပကတိအခြေအနေအတိုင်း ဆက်လက်ပြီး လွတ်လပ်စွာ ရေးသားထုတ်လွှင့်ဖော်ပြသွားမည် ဖြစ်ကြောင်း သဘောထားထုတ်ပြန် အပ်ပါသည်။