ရှေးဟောင်းပစ္စည်းများ လာရောက်အပ်နှံသူကို ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်

ရှေးဟောင်းပစ္စည်းများ လာရောက်အပ်နှံသူကို ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်
ဒီဇင်ဘာ 4, 2020
By Tachileik News Agency

 

ရှေးဟောင်းပစ္စည်းများ လာရောက်အပ်နှံသူကို ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသို့ ရှေးဟောင်းဝတ္ထုပစ္စည်းများ  လာရောက်အပ်နှံသူ (၂)ဦးကို  ဒီဇင်ဘာ(၃)ရက်နေ့ ညနေပိုင်းက ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲရုံးမှ သိရသည်။
“ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနအနေနဲ့ သမိုင်းဝင်ရှေးဟောင်းနေရာဒေသတွေ၊ အဆောက်အအုံတွေ၊ ရှေးဟောင်း ပစ္စည်းတွေကို ရှာဖွေ၊ဖော်ထုတ်၊ ထိန်းသိမ်း၊ ကာကွယ်၊ စောင့် ရှောက်၊ တိုးတက်ပြန့်ပွားရန်ဆိုတဲ့ မူဝါဒများအပေါ်အခြေခံပြီး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေကို မပျက်စီး၊ မပျောက်ပျက်အောင်နဲ့ ရေရှည်တည်တံ့ခိုင်မြဲစေဖို့အတွက် အခုလို ရှေးဟောင်း ပစ္စည်းတွေကို လာရောက်အပ်နှံတဲ့အပေါ် ဂုဏ်ပြုလွှာနဲ့တကွ ဂုဏ်ပြုဆုငွေ ပြန်လည်ချီးမြှင့်တာဖြစ်ပါတယ်” ဟု မကွေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှေးဟောင်းပျူ ပုတီးစေ့၊ ကျောက်လက်နက်၊ ကျောက်ကွင်း၊ ဆင်ရုပ် စသည့် ရှေးဟောင်းအသုံး အဆောင်ပစ္စည်း အမျိုးပေါင်း(၈၅)မျိုးကို အပ်နှံသည် ဦးကျော်ဝဏ္ဏထွန်းအား ဂုဏ်ပြုလွှာနှင့်ဆုငွေ ကျပ် တစ်သိန်းခွဲ၊ ကျောက်ဖြစ်ရုပ်ကြွင်းအပ်နှံသူ ဦးမောင်မောင်ဟန်အား ဂုဏ်ပြုလွှာနှင့် ဆုငွေ ကျပ်(၁)သိန်း ကို ဒီဇင်ဘာလ (၃)ရက်နေ့က မကွေးမြို့ရှိရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရုံး၌ ကိုဗစ်စည်းကမ်းနှင့်အညီပြုလုပ်သည့် အခမ်းအနားနှင့်တကွ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ရှေးဟောင်းဝတ္တုပစ္စည်းများအား လာရောက်အပ်နှံသည့်အခါ ဌာအနေဖြင့် ကာလတန်ကြေးအပြင် ခေတ်ကြေး၊ လက်ရာကြေးများပါ ထပ်ဆောင်းပြီးချီးမြှင့်သွားမည်ဖြစ်ရာ မိမိပတ်ဝန်းကျင် မြို့၊ ကျေးရွာ၊ ရပ်ကွက်များတွင်တွေ့ရှိရသော ယဉ်ကျေးမှုအမွေအနှစ်များကို လာရောက်အပ်နှံခြင်းဖြင့်  ဌာနနှင့်အတူ လက်တွဲ၍  ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း မကွေးတိုင်းဒေသကြီး၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်အေးအေးဦး ရှင်းလင်းပြောကြားသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~