စလေမြို့အထက်ဘက်က ဧရာဝတီမြစ်အတွင်း ဧရာတီလင်းပိုင်တစ်ကောင် တွေ့ရှိ

စလေမြို့အထက်ဘက်က ဧရာဝတီမြစ်အတွင်း ဧရာတီလင်းပိုင်တစ်ကောင် တွေ့ရှိ
ဒီဇင်ဘာ 9, 2020
By Tachileik News Agency
စလေမြို့အထက်ဘက်က ဧရာဝတီမြစ်အတွင်း ဧရာတီလင်းပိုင်တစ်ကောင် တွေ့ရှိ
မကွေးခရိုင်အတွင်း စလေမြို့အထက်ဘက် မကျီးချောင်းကျေးရွာနှင့် ပဒေသာ‌ကျေးရွာကြားရှိ ဧရာဝတီမြစ်အတွင်း ဒီဇင်ဘာလ(၇)ရက်နေ့က ဧရာဝတီလင်းပိုင်တစ်ကောင်တွေ့ရှိရကြောင်း မကွေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ပဒေသာကျွန်းအင်းသူကြီးမှ ဧရာဝတီလင်းပိုင်တစ်ကောင်တွေ့ရှိကြောင်း သတင်းပေးပို့လာသဖြင့် ခရိုင် ငါးလုပ်ငန်းဦးစီးမှူးနှင့်အဖွဲ့သည် လင်းပိုင်တွေ့ရှိရာနေရာသို့ သွားရောက်၍ အင်းသူကြီး၊ ရေလုပ်သားအ ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်အတူ  လင်းပိုင်အား ညနေ (၅)နာရီကျော်အထိရှာဖွေကာ အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ (၅)ရက်လောက်ကတည်းက လင်းပိုင်တွေ့တယ်ဆိုပြီး ဆိပ်ဖြူဘက်က ရေလုပ်သားအဖွဲ့က လိုက်ကြည့်ကြတာပေါ့နော်။ အခုတွေ့ရတဲ့နေရာမှာ ဒီဇင်ဘာ (၇)ရက် မနက် (၈)နာရီကျော်လောက်မှာ တွေ့ကြတော့ ရေလုပ်သားအဖွဲ့တွေ လှေနဲ့လိုက်ကြည့်ပြီး ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းယူနိုင်ခဲ့ကြတယ်။ လုံးပတ်က ပီပါလုံးလောက်ရှိ တယ်ဆိုတော့ (၃)ပေခွဲ၊ (၄)ပေလောက်၊ အရှည်က(၁၂)တောင်နီးပါးလောက် ရှိမယ်မှန်းကြပါတယ်”ဟု မကွေး ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးလှိုင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလပိုင်းက ပခုက္ကူ ဧရာဝတီတံတားအနီးတွင် ဧရာဝတီလင်းပိုင်တစ်ကောင် တွေ့ရှိခဲ့ရာ ရေလုပ်သားများက မတွေ့ဖူးကြသဖြင့် လိုက်ကြည့်ရှုကြရာမှ ၎င်းကိုခြောက်လှန့်သကဲ့သို့ဖြစ်ကာ ၎င်းတို့ ကျက်စားရာ မန္တလေးဘက်သို့ မပြန်နိုင်တော့ဘဲ မကွေးဘက်သို့ ရောက်လာဟန်တူသည်ဟု ဆိုသည်။
“ဒေသခံ ရေလုပ်သားတွေကို ဂရုစိုက်ဖို့ ထိန်းသိမ်းဖို့နဲ့ အဲဒီနေရာမှာက ဘက်ထရီရှော့တိုက်ပြီး ငါးခိုး ဖမ်းသူက မရှိသလောက်ဖြစ်နေပြီဆိုပေမယ့် အဓိက ဘက်ထရီရှော့တိုက်သမားတွေ လုံးဝ အဝင်မခံကြ ဖို့ပေါ့။ နို့တိုက်သတ္တဝါဖြစ်လို့ သူက ဉာဏ်ရည်မြင့်တော့ ငါးဖမ်းပိုက်တွေကို ရှောင်ရမှန်းသိတာကြောင့် ငါးဖမ်းပိုက်ကို သိပ်စိုးရိမ်စရာမရှိဘူး။ ကျွန်တော်တို့က ဆက်လက်စောင့်ကြည့်ပြီး ဒေသခံရေလုပ်သားတွေကို ပညာပေးဟောပြော ဆွေးနွေးတာတွေ၊ ပညာပေး ပိုစတာ စိုက်ထူတာတွေ၊  လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်သွားမှာပါ။ ဆက်လက်ပြီးတော့လည်း  တိုင်းဦးစီးမှူးဆီတင်ပြပြီး တွေ့တဲ့နေရာ ကနေ သူ့ရဲ့ မူရင်းကျက် စားရာနေရာဆီကို ပြန်ပို့ပေးနိုင်အောင် ဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု ခရိုင် ဦးစီးမှူး က ပြောသည်။
ဧရာဝတီလင်းပိုင်၏ သိပ္ပံအမည်မှာOrcaella Brevirostris ဖြစ်ပြီး  အသားစား သတ္တဝါမျိုးဖြစ်ကာ အရွယ်ရောက်ပြီး အကောင်မှာ အရှည် ၁ ဒဿမ ၅ မီတာ မှ ၁ ဒဿမ ၈ မီတာအထိရှိပြီး မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါး မျိုးစိတ်ဖြစ်သဖြင့် ထိန်းသိမ်းစောင့်ရှောက်မှုပေးရန် လိုအပ်သည့် ရေနေ နို့တိုက်သတ္တဝါဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း- ဖီးနစ်
ဓာတ်ပုံ-ငါးလုပ်ငန်းဦးစီးဌာန

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~