မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၈၄)ဦး အသစ်ထပ်တိုးရာတွင် ပိုးရှိသူနှင့် အနီးကပ်ထိတွေ့ နေထိုင်သူ အများအပြားပါဝင်

မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၈၄)ဦး အသစ်ထပ်တိုးရာတွင် ပိုးရှိသူနှင့် အနီးကပ်ထိတွေ့ နေထိုင်သူ အများအပြားပါဝင်
ဒီဇင်ဘာ 23, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၈၄)ဦး အသစ်ထပ်တိုးရာတွင် ပိုးရှိသူနှင့် အနီးကပ်ထိတွေ့ နေထိုင်သူ အများအပြားပါဝင်
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ထပ်တိုးလာသည့် အတည်ပြုလူနာ (၈၄)ဦးအနက် ထက်ဝက်မှာ ပိုးရှိသူနှင့်အနီးကပ်ထိတွေ့နေထိုင်၍ ကူးစက်ခံရသူများ ဖြစ်ရာ လူချင်းခပ်ခွာခွာနေထိုင်ခြင်းအား မဖြစ်မနေ လိုက်နာလုပ်ဆောင်ကြရန် တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သတိပေးတိုက်တွန်းလိုက်သည်။
“ဒီဇင်ဘာ (၂၂) ရက် တစ်ရက်တည်းမှာပဲ (၈၄)ဦး ထပ်တိုးတွေ့ရှိပြီး အတည်ပြုလူနာနဲ့ထိတွေ့လို့ ကူး စက်ခံရသူက (၄၈)ဦးအထိ ပါရှိပါတယ်။ အနံ့ပျောက်လူနာတွေလည်း များပြားလာနေတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာပြီး ပြုမူသွားလာဆောင်ရွက်ကြဖို့ မဖြစ်မနေလိုအပ်နေပါပြီ”ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း COVID 19 ဒေသတွင်း ကူးစက်မှုဖြစ်ပွားနေရာ လေမှတစ်ဆင့် ကူးစက်နိုင်သည့် COVID 19 ကူးစက်မခံရစေရန် နေ့စဉ်သွားလာနေထိုင်ကြရာ၌ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ သွားလာနေထိုင်ကြရန်၊ (၆)ပေအတွင်း နီးကပ်သည့်အနေအထားတွင်ရှိပါက Mask များမဖြစ်မနေ တပ်ဆင်ကြရန်၊ လူစုလူဝေးမလုပ်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ (၂၂)ရက်နေ့အတွင်း ထပ်တိုးလာသည့် COVID-19 အတည်ပြုလူနာများမှာ ပွင့်ဖြူ (၂)ဦး၊ စေတုတ္တရာ (၄)ဦး၊ ဆိပ်ဖြူ (၁)ဦး၊ ရေနံချောင်း (၁)၊ အောင်လံ (၃၀)ဦး၊ ပခုက္ကူ (၆)ဦး၊ မြိုင် (၄)ဦး၊ တောင်တွင်းကြီး (၂)ဦး၊ ရေစကြို (၁)ဦး၊ ဂန့်ဂေါ (၁)ဦး၊ မြို့သစ် (၂)ဦး၊ ပွင့်ဖြူ (၁)ဦး၊ မကွေး (၁၄)ဦး၊ စလင်း (၇)ဦး၊ ချောက် (၄)ဦး၊ နတ်မောက် (၁)ဦး၊ ကံမ (၃)ဦး တို့ တွေ့ရခြင်းဖြစ်သည်။
အဆိုပါ အတည်ပြုလူနာများအနက် ပိုးတွေ့အတည်ပြုလူနာနှင့်ထိတွေ့၍ ကူးစက်ခံရသူ (၄၈)ဦး၊ အနံ့ ပျောက်လက္ခဏာ (၈)ဦး၊ ကျန်သူများမှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့်၊ ရန်ကုန်၊ မန္တလေးပြန်  Quarantine Centre များမှ ဖြစ်ကြောင်း သိရပြီး မကွေးတိုင်း ဒေသကြီးအတွင်း ဒီဇင်ဘာ(၂၂)ရက် ည (၈)နာရီအချိန်ထိ ပိုးတွေ့လူနာစုစုပေါင်း(၂၃၁၀)ဦးအထိ ရှိလာကာ သေဆုံးသူ (၅)ဦး ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-Si Phyo Thu

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~