COVID 19 ကာလအတွင်း နိုင်ငံတော်ကပေးသည့် ထောက်ပံ့ငွေမှာ ဆင်းရဲသားအားလုံးကို ခြုံငုံမိအောင် ပေးဝေနိုင်ခြင်းမရှိ

COVID 19 ကာလအတွင်း နိုင်ငံတော်ကပေးသည့် ထောက်ပံ့ငွေမှာ ဆင်းရဲသားအားလုံးကို ခြုံငုံမိအောင် ပေးဝေနိုင်ခြင်းမရှိ
နိုဝင်ဘာ 25, 2020
By Tachileik News Agency
COVID 19 ကာလအတွင်း နိုင်ငံတော်ကပေးသည့် ထောက်ပံ့ငွေမှာ ဆင်းရဲသားအားလုံးကို ခြုံငုံမိအောင် ပေးဝေနိုင်ခြင်းမရှိ
COVID 19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်က ထောက်ပံ့ငွေပေးနေသော်လည်း ဆင်းရဲသားအားလုံးကို ခြုံငုံမိအောင် ပေးဝေနိုင်ခြင်းမရှိကြောင်း ထောက်ပံ့ကြေး စီမံခန့်ခွဲရမှုနှင့်ပတ်သက်၍ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြောကြားသည်။
မကွေးမြို့နယ်၊ သရက်လေးပင်ကျေးရွာအုပ်စုမှ ထောက်ပံ့ကြေးငွေမရသည့် ကျေးရွာသူ၊ ကျေးရွာသား (၃၀) ကျော်၏ ကိုယ်စား (၁၀) ယောက်မှ မကွေးတိုင်း MJA ရုံးခန်း၌ နိုဝင်ဘာလ (၂၄) ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်သည့်ကိစ္စနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးက ယင်းကဲ့သို့ ရှင်းလင်းပြောကြားခြင်းဖြစ်သည်။
“သရက်လေးပင်ကိစ္စ တိုင်ကြားစာတော့ ကျွန်တော်တို့ဆီ မရောက်သေးဘူး။ တစ်ချို့ကကျတော့ ဒီငွေအပေါ် ရလိုဇောနဲ့ အဓိကမဟုတ်ဘဲနဲ့ တစ်ဖက်သားကို တိုက်ခိုက်လိုတဲ့သဘော၊ ရှင်းရှင်းပြောရရင် မှတ်ပုံတင်ပြီး ထုံးတို့ထားတဲ့ သဘောပေါ့။ အဲဒီလိုတွေလည်းရှိတယ်။ တိုင်လာရင်လည်း ဥပဒေ လုပ်ထုံး လုပ်နည်းကလည်း မရှိတော့ ညှိနှိုင်းဖြေရှင်းတဲ့နည်းနဲ့ပဲ လုပ်ပေးရမှာပါ။ ထောက်ပံ့ကြေးကိစ္စ အထက်ကလည်း  (၄) သောင်းတွေ၊ (၂) သောင်းတွေ အားလုံးရမယ့်ပုံစံပြောတယ်။ ပြည်သူက ကျတော့လည်း ဒီကိန်းဂဏန်းကို ဆုပ်ကိုင်ပြီးတော့ တောင်းဆိုနေကြတာတွေရှိတယ်။ တကယ်တန်းကျတော့ ဆင်းရဲသားအားလုံးအတွက် ငွေက ရလာတာ မဟုတ်ဘူး။ မြေပြင်မှာ (၆၀) ရာခိုင်နှုန်းရှိရင် တကယ်ရတာက (၅၀) ရာခိုင်နှုန်းလောက်ပဲရတာ။ တကယ်သာ (၂) သောင်းအပြည့်ပေးရင် (၁၀) ရာခိုင်နှုန်းလောက်က ဇီးရိုး ဖြစ်သွားနိုင်တော့ တစ်ချို့က အပြည့်ပေးလိုက်တော့ (၁၀) ရာခိုင်နှုန်းလောက်က လုံးလုံး မရတော့ဘူး။ မျှပေးလိုက်ပြန်တော့လည်း လူတိုင်းတော့ရတယ်။ (၂) သောင်း အပြည့်မရဘူးဖြစ်သွားတယ်။ ဒါမျိုးတွေရှိ ပါတယ်”ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သရက်လေးပင်ကျေးရွာအုပ်စုမှ သတင်းစာရှင်းလင်းသည့် ကျေးရွာသားများက ထောက်ပံ့ငွေရသင့်သူများ မရခြင်းအပြင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ထောက်ပံ့ငွေရမယ့်သူများစာရင်းကို ကြိုတင်စာရင်းကပ်ထားပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှုမရှိခြင်းကို ထောက်ပြဝေဖန်ကြသည်ကိုလည်း တွေ့ရသည်။
 “တစ်အိမ်ထောင် (၂) သောင်းစီဝေမယ်။ မဝေခင် ထောက်ပံ့ကြေးပေးမယ့် လူစာရင်းတွေကို အုပ်ချုပ်ရေးမှူးရုံးမှာ ကပ်ပေးထားရမယ်။ အဲဒီလူစာရင်းကို ရွာကလူတွေကြည့်ပြီး ဒီလူပါသင့်တယ်၊ မပါသင့်ဘူး၊ အဲဒီလိုစိစစ်ပြီးတော့မှ ပြင်ဆင်အတည်ပြုပေးရမယ်ဆိုပြီး ဒီလိုသိထားတာ။ အဲဒီလို လုံးဝမလုပ်ခဲ့ဘဲ နိုဝင်ဘာလ (၉) ရက်နေ့က ပိုက်ဆံတွေဝေတယ်။ ရွာခွဲတာဝန်ခံ ကိုလှဌေးကို စာရင်းပြဖို့တောင်းဆိုတော့ အုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်ဆီကို သွားမေးလို့ပြောတယ်။ ဦးစိုးလှိုင်ဆီ သွားမေးတော့လည်း ရွာခွဲ တာဝန်ခံကို မေးပါတဲ့။ ဒါနဲ့ ဒီအတိုင်းဆိုရင် သက်ဆိုင်ရာကိုတင်ပြပြီး ဆန္ဒဖော်ထုတ်ရလိမ့်မယ်လို့ ပြောတော့မှ ကျွန်တော် ညွှန်ကြားပေးပါမယ်ပြောပြီး မနေ့က စာရင်းကပ်ပြတယ်။ အဲလိုပြပေမဲ့ စာရင်းတွေက မူရင်းတွေမဟုတ်ဘဲ ပြန်ရေးထားတဲ့စာရင်းတွေဖြစ်နေတယ်”ဟု  သရက်လေးပင်ကျေးရွာနေ  ကိုအောင်ကိုမင်း က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထောက်ပံ့ကြေးပေးသည့်အခါတွင် အမှန်တကယ်လိုအပ်မှုရှိနေသည့် အခြေခံလူတန်းစားများသာမက မသန်စွမ်းများပင်  မပါရှိဘဲ ကျန်ရှိနေကြောင်း သရက်လေးပင်ကျေးရွာနေ ဒေါ်ယုယုဆွေက ပြောသည်။
“ထောက်ပံ့ကြေးပေးတဲ့အကြိမ်တိုင်း ရွာခွဲတာဝန်ခံက သူနဲ့နီးစပ်သူတွေကိုပဲပေးပြီး အမှန်တကယ် လိုအပ်မှုရှိတဲ့ လက်လုပ်လက်စားတွေ ကျန်နေပါတယ်။ ရွာမှာ မသန်စွမ်း (၄) ဦးလောက်ရှိတယ်။ သူတို့တောင် မရကြဘူး။ သွားပြောတော့ အထက်ကလာတဲ့အတိုင်း လုပ်ပေးတာ။ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ အစည်းအဝေးခေါ်၊ အစည်းအဝေးဆုံးဖြတ်ချက်နဲ့လုပ်တာလို့ ပြောတာကြောင့် ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးကို မေးတော့လည်း သူတို့ မသွားလို့ မသိဘူးပြောကြတယ်” ဟု ဒေါ်ယုယုဆွေက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ကြောင်ပျောက်ကျေးရွာနေ ဘုရားပန်းရောင်း၍ အသက်မွေးဝမ်းကြောင်းနေရသည့် ဒေါ်အေးဆင့်ကလည်း ထောက်ပံ့ကြေးတစ်ခါမှ မရရှိဟု ဆိုသည်။
“ထောက်ပံ့ကြေးပေးတာ (၄) ကြိမ်ရှိပေမဲ့ ကျွန်မတို့ တစ်ခါမှ မရဖူးဘူး။ မဝေခင်မှာလည်း ရွာသူရွာသားတွေကို ပွင့်ပွင့်လင်းလင်း ချပြခြင်းမရှိပါဘူး။ သူ ဝေချင်တဲ့သူတွေကိုပဲ ဝေသွားပါတယ်။ ကျွန်မက ဘုရားပန်း ရောင်းပါတယ်။ ကြောင်ပျောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်ကို သွားမေးတဲ့ အခါကျတော့လည်း  ဝေပြီးသွားပြီလို့ပဲ ပြောပါတယ်။ သူ့သဘောနဲ့သူပဲ လုပ်နေတာပါ ” ဟု ဒေါ်အေးဆင့်က ပြောသည်။
သရက်လေးပင်ကျေးရွာနေ ကိုဘိုလွင်က နိုင်ငံတော်မှ ကျေးရွာအတွက် ချပေးသည့်ငွေပမာဏကို သိလို၍ ချပြရှင်းလင်းပေးရန်နှင့် ထောက်ပံ့ကြေးရယူသည့်စာရင်းကို ပွင့်လင်းမြင်သာစွာ ကပ်ပြပေးရန် တောင်းဆိုခဲ့သော်လည်း ငွေပမာဏကို ချပြရှင်းလင်းခြင်းမရှိဘဲ စာရင်းကပ်ရာတွင်လည်း ပြန်ရေးထားသော စာရင်းကိုသာ ကပ်ပြသည်ဆို၏။
“ရွာခွဲတာဝန်ခံအနေနဲ့ သရက်လေးပင်ကျေးရွာအတွက် ငွေဘယ်လောက်ချပေးတယ်ဆိုတာ ကျွန်တော်တို့ မသိရှိရပါဘူး။ (၂၅၉) ဦး ဝေတယ်လို့ပဲသိရပြီး စာရင်းပြပေးဖို့တောင်းဆိုတော့လည်း ငယ်စာရင်းမပြ နိုင်ပါဘူး။ တောင်းဆိုလွန်းလို့ မနေ့က စာရင်းကပ်ပြန်တော့လည်း မူရင်းစာရင်းအစစ်မဟုတ်ဘဲ  အဖအမည်လွဲတာတွေ၊ ထောက်ပံ့ကြေးလက်ခံရရှိကြောင်း ထိုးထားတဲ့ လက်မှတ်မပါတာတွေ ဖြစ်နေတယ်။ တစ်ဦးကို (၂) သောင်းနှုန်းနဲ့ (၂၅၉) ဦးအတွက်ဆို (၅၁) သိန်းနဲ့ ရှစ်သောင်းပဲ ချပေးထားတာအမှန်လား။ ချပေးတဲ့ ငွေပမာဏအမှန်ကို သိချင်တာ။ ဒါကို ချမပြဘူး” ဟု ကိုဘိုလွင်က ပြောသည်။
သရက်လေးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က ထောက်ပံ့ကြေးပေးဝေရေးကိစ္စကို မိမိတစ် ဦးတည်းသဘောဆန္ဒနှင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်နှင့် ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
“ဆယ်အိမ်မှူးတွေ ရာအိမ်မှူးတွေနဲ့ အစည်းအဝေးလုပ်ခဲ့ပါတယ်။ ရာအိမ်မှူး (၄) ဦးရှိတာမှာ (၂) ဦးက မ လာလို့ ဆယ်အိမ်မှူးတွေဆီကပဲ စာရင်းတောင်းပြီး သူတို့ပေးတဲ့စာရင်းအတိုင်းပဲ လုပ်တာပါ။ အစည်းအဝေးမှာ သရက်လေးပင်အုပ်စုက (၂၅၉) ဦးအတွက်ကို (၅၁) သိန်းနဲ့ရှစ်သောင်းရပါတယ်။ ဘယ်လိုခွဲဝေမလဲဆိုပြီး ချပြဆွေးနွေးပါတယ်ဗျ။ ဘယ်သူတွေကို ပေးမယ်ဆိုတဲ့စာရင်းကိုတော့ မပေးခင်မှာ မကပ်မိပါဘူးဗျ။ မိုက်နဲ့တော့ ကြေညာပါတယ်။ စာရင်းကပ်ပေးဖို့ပြောတော့ အဲဒီအချိန်မှာ လက်ခံရရှိကြောင်း လက်မှတ်ထိုးထားတဲ့စာရင်းတွေက ရုံးကို မပို့ရသေးတာကြောင့် လက်မှတ်ပါရှိတဲ့စာရင်းကို မကပ်ပေး နိုင်တာပါ။ အဖအမည်လွဲတာတွေပါတယ်ဆိုတာလည်း မှန်ပါတယ်ဗျ။ တစ်ချို့ဆို အဖအမည်မသိလို့  မထည့်နိုင်တာလည်းရှိပါတယ်” ဟု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးလှိုင်က ပြောသည်။
သရက်လေးပင်ကျေးရွာအုပ်စုအတွင်း ထောက်ပံ့ကြေးငွေနှင့်ပတ်သက်၍ နိုင်ငံတော်က ချထားပေးသည့်ငွေပမာဏနှင့် ခံစားခွင့်ရှိသူများစာရင်းကို အများပြည်သူကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးရန် ဒေသခံများက လိုလားသည်ဟု ပြောကြားထားပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ တိုင်ကြားလာခြင်းမရှိသေးကြောင်း မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထံမှ သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~