မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာမှ စားကျက်မြေအား ဒေသခံတစ်ဦးက ဝင်ရောက်မြေညှိနေ၍ ကျေးရွာက တားမြစ်ထားရ

မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာမှ စားကျက်မြေအား ဒေသခံတစ်ဦးက ဝင်ရောက်မြေညှိနေ၍ ကျေးရွာက တားမြစ်ထားရ
အောက်တိုဘာ 13, 2020
By Tachileik News Agency
မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာမှ စားကျက်မြေအား ဒေသခံတစ်ဦးက ဝင်ရောက်မြေညှိနေ၍ ကျေးရွာက တားမြစ်ထားရ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ထုံးပေါက်တော (မြောက်)ရွာရှိ စားကျက်မြေနေရာအား ဒေသခံတစ်ဦးက ဘူဒိုဇာဖြင့်ထိုး၍ မြေညှိခြင်းလုပ်ငန်းများ လုပ်ဆောင်နေသဖြင့် ကျေးရွာက တားမြစ်ထားသော်လည်း လက်ရှိတွင် ပုံစံ (၃) ဆက်လက်လျှောက်ထားနေ၍ ကျေးရွာစားကျက်မြေဆုံးရှုံးမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။
“ကျွန်တော့် အသက်(၄၈)နှစ်ရှိပါပြီ။ ကျွန်တော် မမွေးခင်ကတည်းကကို ဒီမြေနေရာမှာ ဘယ်သူမှ စိုက်ပျိုးခြင်းမရှိဘဲ နွားစားကျက်မြေအဖြစ် အသုံးပြုလာခဲ့ကြတာပါ။ အခု ကျေးရွာဖွံ့ဖြိုးရေးလမ်းပေါက်သွားခါမှ ဒီနေရာကို ဘာပိုင်ဆိုင်မှုအထောက်အထားမှ ပြသနိုင်ခြင်းမရှိဘဲနဲ့ သူတို့ပိုင်မြေဆိုပြီး ဒိုဇာနဲ့ မြေညှိနေတာတွေ့ကြရလို့ ကျွန်တော်တို့က ရွာခွဲဥက္ကဌကို သွားပြောပြီး ကန့်ကွက်ခဲ့ကြပါတယ်။ ကန့်ကွက်လို့ ရပ်သွားခဲ့ပြီးမှ မနေ့ကတော့ ပုံစံ(၃)လျှောက်ဖို့ဆိုပြီး လုပ်နေကြလို့ အခုလို သတင်းစာရှင်းလင်းပွဲလုပ်ရခြင်းဖြစ်ပါတယ်”ဟု ထုံးပေါက်တော(မြောက်)ရွာနေ ဦးအောင်စိုးမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထုံးပေါက်တော(မြောက်)ရွာ ကျေးလက်ဖွံ့ဖြိုးရေးလမ်းဘေးအနီးရှိ စားကျက်မြေနေရာနှင့် ပတ်သက်၍ ကျေးရွာဒေသခံများက ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ(၁၂)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။
အဆိုပါ စားကျက်မြေနေရာအား ဒိုဇာဖြင့်ထိုး၍ မြေညှိနေသည့်ကိစ္စကို ကျေးရွာခွဲတာဝန်ခံက ခေါ်ယူညှိနှိုင်းထားပြီးနောက် မြေညှိခြင်းလုပ်ငန်းကို ရပ်ဆိုင်းထားပြီး ပုံစံ (၃)ပြုလုပ်ပါကလည်း ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် လက်မှတ်ထိုးပေးမည်မဟုတ်ကြောင်း ထုံးပေါက်တော ကျေးရွာခွဲ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက အောက်တိုဘာလ (၁၃)ရက်နေ့၌ ပြောသည်။
အဆိုပါ စားကျက်မြေနေရာအား မြေညှိလုပ်ငန်းများ လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များကိုလည်း အသိပေးထားခြင်းမရှိကြောင်း သိရသည်။
“နိုင်ငံတော်ပိုင်မြေလား၊ ပလပ်မြေလား၊ စားကျက်မြေလား၊ ပိုင်ဆိုင်မှုရှိတဲ့မြေလား ကွဲကွဲပြားပြားမသိ သေးဘဲနဲ့ ဒီလို ကိုယ့်သဘောနဲ့ကိုယ် လုပ်ခွင့်မရှိပါဘူး။ ကျေးရွာလယ်/စီဥက္ကဋ္ဌလည်းဖြစ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ကျွန်တော့်ဆီကိုလည်း အဲဒီလိုလုပ်ဆောင်ဖို့ ခွင့်ပြုချက်တောင်းခံတင်ပြတာ မရှိပါဘူး။ ကန့်ကွက်နေသူတွေဘက်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွာခွဲအုပ်ချုပ်ရေးကတစ်ဆင့် တင်ပြလာရင်တော့ ကျွန်တော့်အနေနဲ့ ဆောင်ရွက်စရာရှိတာကို ဆောင်ရွက်ပေးသွားမှာပါ ” ဟု ထုံးပေါက်တောအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာ(၁၃)ရက်နေ့တွင် ပြောသည်။
အဆိုပါမြေနေရာအား ဒိုဇာနှင့်ထိုး၍ မြေညှိခြင်းလုပ်ငန်းများ လုပ်ဆောင်သူကို ဆက်သွယ်သော်လည်း ဆက်သွယ်မရပါ။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~