ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက မဲဆန္ဒရှင် (၂၄)ဦးအတွက် ကိုယ်စားပြု မဲထည့်ပေး၍ ကျေးရွာလူထုကန့်ကွက်

ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက မဲဆန္ဒရှင် (၂၄)ဦးအတွက် ကိုယ်စားပြု မဲထည့်ပေး၍ ကျေးရွာလူထုကန့်ကွက်
အောက်တိုဘာ 30, 2020
By Tachileik News Agency
ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက မဲဆန္ဒရှင် (၂၄)ဦးအတွက် ကိုယ်စားပြု မဲထည့်ပေး၍ ကျေးရွာလူထုကန့်ကွက်
အသက် (၆၀)နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ စတင်ပေးနေကြသည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာတွင် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက မဲဆန္ဒရှင် (၂၄)ဦးကိုယ်စားပြု၍မဲပေးသဖြင့် လူစုလူဝေးဖြင့် ကန့်ကွက်မှုဖြစ်ပွားသည်။
“ည (၇) နာရီလောက်မှာ ပေါက်မြို့နယ်မှာ ပြဿနာလေးရှိတယ်ဆိုတာသိရလို့ ကျွန်တော်တို့ဆီက ဦးစီးအရာရှိနဲ့ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌတို့ သွားကြပါတယ်။ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက ပြည်သူ (၂၄) ဦးလောက်ကို ကိုယ်စားပေါ့ တောင်းဆိုလို့ ကြိုတင်မဲတွေကို တံဆိပ်တုံးနှိပ်ပေးလိုက်တယ်ဆိုတဲ့ကိစ္စ ကျေးရွာလူထုက မကျေနပ်တာကြောင့် လူစုလူဝေးနဲ့ ကန့်ကွက်ကြတာလို့ သိရပါတယ်”ဟု မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ (၃၀) ရက်နေ့တွင် ပြောသည်။
ကျွန်းရင်းကျေးရွာတွင် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲထည့်ရန် လာရောက်ရာတွင် အကူခေါ်လာ၍မရဟုပြောဆိုကာ ကိုယ်စားပြု၍ တံဆိပ်တုံးထုပေးသည့်ဖြစ်စဉ်ကြောင့် အောက်တိုဘာ(၂၉)ရက် မွန်းလွဲ(၂)နာရီဝန်းကျင်၌ ကျေးရွာလူထုက ကန့်ကွက်မှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြဿနာဖြစ်ထားသည့်မဲများပါဝင်သည့် မဲပုံးကို ချိတ်ပိတ်ကာ လုံခြုံသည့်နေရာ၌သိမ်းဆည်းသွားမည်ဖြစ်ပြီး ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးရာတွင် COVID 19 ကြောင့် Stay at Home ကြေညာထားသည့်မြို့နယ်များ၊ တစ်စတုရန်းကီလိုမီတာတွင် ပျမ်းမျှလူဦးရေ (၅၀၀၀)နှင့်အထက် လူဦးရေထူထပ်သောမြို့နယ်များနှင့် ကျန်းမာရေးကြောင့် သွားလာနိုင်ခြင်းမရှိသူများအတွက် သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲရယူခြင်းဆောင်ရွက်ပေးသော်လည်း ယင်းသို့ကြိုတင်ဆန္ဒမဲပေးရာတွင် မဲဆန္ဒရှင်က ကိုယ်တိုင်မဲပေးနိုင်ခြင်းမရှိပါက ၎င်း၏မိသားစုဝင်တစ်ဦးဦးကလည်းကောင်း၊ ကူညီမည့်သူမရှိ၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ကူညီရပါကလည်း မဲဆန္ဒရှင်၏ လျှို့ဝှက်မဲပေးခွင့်ကို မထိခိုက်စေဘဲ ၎င်း၏ဆန္ဒမဲပေးနိုင်ရန် ကူညီရမည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။
ကျန်မြို့နယ်များတွင် နေထိုင်သည့် အသက် (၆၀)နှင့်အထက်များသည် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးရာတွင် မဲဆန္ဒရှင်ကိုယ်တိုင်မဲပေးရမည်ဖြစ်ပြီး ကျန်းမာရေးအခြေအနေအရလည်းကောင်း၊ အသက်အရွယ်အရလည်းကောင်း ကိုယ်တိုင်မဲပေးနိုင်ခြင်းမရှိပါက ဘေးမှကူညီမည့် မိသားစုဝင်တစ်ဦး လိုက်ပါကူညီနိုင်မည်ဖြစ်သည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-Soe Yar Zar

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~