လားရှိုးမှ မန္တလေးသို့ ဘိန်းဖြူ (၁၃.၂) ကီလို သယ်ဆောင်လာသူအား မန္တလေးမြို့တွင် ပစ်ခတ်ဖမ်းဆီးရမိ

လားရှိုးမှ မန္တလေးသို့ ဘိန်းဖြူ (၁၃.၂) ကီလို သယ်ဆောင်လာသူအား မန္တလေးမြို့တွင် ပစ်ခတ်ဖမ်းဆီးရမိ
စက်တင်ဘာ 13, 2020
By Tachileik News Agency
လားရှိုးမှ မန္တလေးသို့ ဘိန်းဖြူ (၁၃.၂) ကီလို သယ်ဆောင်လာသူအား မန္တလေးမြို့တွင် ပစ်ခတ်ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အဝင်ရှိ Mobile X-Ray စက်နေရာကို ရှောင်ကွင်းမောင်းနှင်သွားသည့် (၆)ဘီးယာဉ်အား  ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့ နံနက် (၅)နာရီခွဲတွင် ဖမ်းမိပြီးနောက် ရှာဖွေစစ်ဆေးရာ ယာဉ်၏ ခေါင်မိုးတွင် ဝှက်၍သယ်လာသည့် ဘိန်းဖြူ (၁၃.၂)ကီလိုကို ဖမ်းဆီးသိမ်းဆည်းရမိပြီးနောက် မူးယစ်ဆေးပိုင်ရှင်ကို မန္တလေးမြို့တွင်း၌ ပစ်ခတ်ဖမ်းဆီးရမိထားကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ (၁၃) ရက်နေ့ နံနက် (၅) နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့အဝင်ရှိ Mobile X-Ray စက်နေရာကို ရှောင်ကွင်းနိုင်သည့်နေရာများအား ပိတ်ဆို့စစ်ဆေးနေစဉ် လားရှိုးမှ မန္တလေးသို့ မောင်းနှင်လာသည့် ကုန်မပါ (၆)ဘီးယာဉ်တစ်စီးအား စစ်ဆေးရာ ယာဉ်မောင်းခေါင်မိုးပေါ်တွင် ဝှက်၍သယ်လာသည့် ဘိန်းဖြူများကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးသယ်လာသည့် ယာဉ်မောင်း ဝသုန်မင်းထက်နှင့် ယာဉ်ပေါ်လိုက်ပါလာသူ စိုင်းသန်းမြင့်တို့အား မူးယစ်ဆေးသယ်လာသည့်ယာဉ်ကို မန္တလေးမြို့တွင်း မူးယစ်ဆေးပို့မည့်နေရာသို့ ဆက်လက်မောင်းနှင်စေပြီး ရဲတပ်ဖွဲ့နှင့် သက်သေများပါဝင်သည့်အဖွဲ့ဖြင့် လိုက်ပါလာရာ မြို့အဝင်၌ မူးယစ်ဆေးလက်ခံယူမည့် မော်တော်ယာဉ်အား တွေ့ရသဖြင့် ပိတ်ဆို့တားဆီးစဉ် အဆိုပါယာဉ်က ရဲတပ်ဖွဲ့ပိုင်ယာဉ်ကိုပွတ်တိုက်ပြီးနောက်  မောင်းနှင်ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အဆိုပါမော်တော်ယာဉ်အား လိုက်လံဖမ်းဆီးရာ မန္တလေးမြို့အတွင်း လှည့်ပတ်မောင်းနှင် ထွက်ပြေးနေသဖြင့် (၂၆) လမ်းပေါ် (၅၆) လမ်းနှင့် (၅၇) လမ်းကြားအရောက်တွင် ယာဉ်ဘေးချင်းယှဉ်၍ သေနတ်ဖြင့် (၃) ချက် ပစ်ခတ်ဖမ်းဆီးရာမှ မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသူ စိုင်းဝင်းနိုင်(ခ)အားချိန်တွင် ညာဘက်လက်ဖျံ သေနတ်ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ကြောင်းကြောင်း သိရသည်။
စိုင်းဝင်းနိုင်(ခ)အားချိန်က ယာဉ်မောင်း ဝသုန်မင်းထက်နှင့် စိုင်းသန်းမြင့် တို့အား မူးယစ်ဆေးဝါးများသိုဝှက် ထည့်သွင်းထားသည့် (၆) ဘီးမော်တော်ယာဉ်အား လားရှိုးမှ မန္တလေးသို့ မောင်းနှင်ရန် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းက Toyota Land Cruiser ယာဉ်ဖြင့် မန္တလေးမြို့သို့ သီးခြားသွား၍ ကြိုတင်စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် ဝသုန်မင်းထက်၊ စိုင်းသန်းမြင့်နှင့် စိုင်းဝင်းနိုင်(ခ)အားချိန်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားပြီး ကွင်းဆက်တရားခံများဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~