တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် မယ်ဆိုင်ဘက်က သတ်မှတ်ကုန်တင်ယာဉ် အစီးရေထက် ပို၍ စေလွှတ်သဖြင့် တာချီလိတ်ဘက်က ပြန်လွှတ်ခဲ့ရ

တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် မယ်ဆိုင်ဘက်က သတ်မှတ်ကုန်တင်ယာဉ် အစီးရေထက် ပို၍ စေလွှတ်သဖြင့် တာချီလိတ်ဘက်က ပြန်လွှတ်ခဲ့ရ
စက်တင်ဘာ 20, 2020

တာချီလိတ် - မယ်ဆိုင် တစ်ဖက်လျှင် ကုန်တင်ယာဉ် (၆)စီးသာ ခွင့်ပြုထားသော်လည်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့၌ မယ်ဆိုင်ဘက်မှ ကုန်တင်ယာဉ် (၈)စီးအထိ ဝင်လာ၍ (၂)စီးကို တာချီလိတ်သို့ အဝင်မခံဘဲ မယ်ဆိုင်ဘက် ပြန်လွှတ်ခဲ့ရသည်။

ကျွန်တော်တို့နဲ့ သူတို့ဘက် (မယ်ဆိုင်)နဲ့ သဘောတူထားတာက တစ်ရက်ကို (၆)စီးလွှတ်ဖို့ပဲ။ ဘာပစ္စည်းတွေ တင်ထားတဲ့ကားတွေ လွှတ်မယ်ဆိုတာ သဘောတူထားတာ မရှိဘူး။ ဒီနေ့ ဘာကားတွေ လွှတ်မယ်ဆိုတာ မယ်ဆိုင်ဘက်က သူတို့ဘာသာပဲ စီစဉ်တာပေါ့။ ကျွန်တော်တို့ကတော့ အရင်ဝင်လာတဲ့ (၆)စီးပဲ  စာရင်းယူမှာ ဖြစ်တယ်။ အခုဝင်လာတဲ့ ကားတွေကလည်း သူတို့ဘက်က မလွှတ်ဘဲ ဝင်လာစရာမရှိပါဘူး။ သူတို့လွှတ်လို့ ဝင်လာတာလေ။ သူတို့ချင်း ဘာတွေ နားလည်မှုလွဲလဲတော့မသိဘူး။ တံတားအလယ်မှာ ပစ္စည်းချမယ်ဆိုပြီး ဒီဘက်ထိလာပြီး ယာဉ်မောင်းလဲဝင်သွားတာလို့တော့ သိရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ အရင်ဝင်တာတဲ့ ထိုင်းနံပါတ်ပြား (၆)စီးပဲ အဝင်ခံမှာပဲ။ ပိုနေရင် ပြန်လှည့်ပေါ့

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်ဘက်မှ ကုန်တင်ယာဉ် (၆)စီး ဝင်လာပြီးနောက် ဆီဘောက်ဆာ (၂)စီး ထပ်မံဝင်ရောက်လာသဖြင့် တာချီလိတ်ဘက်မှ တာဝန်ရှိသူများက ဆီဘောက်ဆာ (၂) စီးကို မယ်ဆိုင်ဘက်သို့ ပြန်လှည့်ခိုင်းထားစဉ် ဆီလုပ်ငန်းရှင်များအသင်းက ဆီဘောက်ဆာယာဉ်ဝင်ခွင့်မပြုခြင်းအား လာရောက်စုံစမ်းရာမှ အငြင်းပွားမှုပုံစံ ဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရသည်။

ထိုင်းဘက်က ကား (၆)စီးပြည့်သွားတဲ့အချိန် ဆီဘောက်ဆာ (၂) စီးဝင်လာတယ်။ ဒီဘက် တာဝန်ရှိသူတွေက ဝင်လို့မရတော့ဘူးပြောတယ်။ ကျွန်တော်တို့လည်း ဟုတ်တယ်ပေါ့။ ဝိုင်းပြီး ထောက်ခံကြတယ်။ အဲဒီမှာ ဆီဘောက်ဆာ (၂) စီးက တံတားဟိုဘက် မယ်ဆိုင်ဘက်ထိ ပြန်မောင်းသွားတယ်။ အဲဒီမှာ ခဏနေတော့ လူတစ်စုရောက်လာပြီး ဆီဘောက်ဆာယာဉ်တွေကို လက်ယပ်ခေါ်တယ်။ အဲဒီမှာ ဆီဘောက်ဆာတွေက ဒီဘက် ပြန်မောင်းလာတယ်။ ဒါနဲ့ ကျွန်တော်တို့ပါ ဝိုင်းပြောကြတော့ ပဋိပက္ခပုံစံမျိုးတောင်ဖြစ်သွားတယ်

ဟု တာချီလိတ် - မယ်ဆိုင်ချစ်ကြည်ရေးတံတား (၂)တွင် ကုန်တင်ယာဉ်ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

မယ်ဆိုင်ဘက်က တာချီလိတ်ဘက်သို့ စက်တင်ဘာလ (၂၀)ရက်နေ့၌ စေလွှတ်မည့် မော်တော်ယာဉ် (၆)စီးတွင် ဆီဘောက်ဆာ (၃)စီး ထည့်သွင်းပေးရန် သဘောတူညီထားသော်လည်း စာရင်းတွင် ပါဝင်သည့် ဆီဘောက်ဆာယာဉ် (၂)စီး တာချီလိတ်ဘက်သို့ ဝင်ခွင့်မရကြောင်းကြားသိသဖြင့် တာချီလိတ်မြို့နယ် စက်သုံးဆီ လုပ်ငန်းရှင်များအသင်းဝင်များက အကြောင်းရင်း စုံစမ်းရန် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်အစီးရေ ကျော်လွန်ဝင်ခွင့်ရရန် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း သိရသည်။

ဒီတံတားမှာ တစ်ရက်ကို (၆) စီးစီ ဝင်ခွင့်ရတာမှာ ဒီနေ့က ကျွန်တော်တို့က ခွဲတမ်း (၃)စီးရတာပေါ့။  အဲဒီ (၃)စီးမှာ ဒီမနက် (၁)စီးကတော့ ဝင်လာပြီ။ ကျန်တဲ့ (၂) စီးက တံတားအလယ်မှာ ကိုးလိုးကန့်လန့်ခံနေတယ်။ ဟိုဘက်ကလည်း လွှတ်လိုက်ပြီ။ ဒီဘက်မှာ အဝင်မခံဘူးဖြစ်နေတယ်ဆိုလို့ ကျွန်တော်တို့က သွားကြည့်တော့မှ အကျိုးအကြောင်းသိရတာ။ ဟိုဘက်က (၆) စီးလွှတ်မယ့်စာရင်းမှာ မပါတဲ့ မှန်လုံယာဉ် (၂)စီးက ကြားဖြတ်ဝင်လာလို့ ဒီနေ့ဝင်ရမယ့် အစီးရေပြည့်သွားတယ်လို့ သိရတယ်။  ထိုင်းနံပါတ်ပြားနဲ့ (၂)စီး တံတားအလယ်ပဲ ကုန်စိမ်းပို့မယ်ဆိုပြီး ဟိုဘက်ကနေ ပြောပြီးဝင်လာတယ်လို့တော့ ကြားတယ်။ ဒါက တံတားရောက်မှ သိရတာ။ အစောပိုင်းကတော့ ကျွန်တော်တို့က အကျိုးအကြောင်း မသိရဘူးလေ။ ဒီနေ့ဝင်ရမယ့် ဆီဘောက်ဆာကားက ဘာဖြစ်လို့ ဝင်မရတာလဲဆိုတာ သွားကြည့်တော့မှ အကျိုးအကြောင်းသိရတာ။ ဒီဝင်လာမယ့်ဆီက ဒီက လိုအပ်တဲ့ဆီပန့်တွေမှာ ဖြည့်ပေးဖို့ပါ။ အကျိုးအကြောင်းသိရတော့ ဒီနေ့ဝင်လို့မရဘူးဆိုတော့ မနက်မှဝင်လာမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ဆီဘောက်ဆာ (၂)စီးဝင်မရလို့ သွားကြည့်တော့ ကျွန်တော်တို့က အခွင့်အရေးယူပြီး သွင်းလာမလို ထင်ကုန်တာပေါ့။ ကြားဖြတ်ဝင်လာတဲ့ မှန်လုံကား (၂)စီးကြောင့် အထင်လွဲခံရတာပေါ့

ဟု တာချီလိတ်မြို့နယ် စက်သုံးဆီ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်မြင့်က ပြောသည်။

ကြားဖြတ်ဝင်လာသည်ဆိုသည်ဟုဆိုတာ နောက်ထပ် ကုန်တင်ခွင့်ပိတ်လိုက်သည့် ကုန်တင်ယာဉ်ငယ် (၂)စီးမှာ မယ်ဆိုင်ဘက် တာဝန်ရှိသူများက တံတားအလယ်တွင် ပစ္စည်းချ၍ ပြန်လာရန် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမှန်က ဒီနေ့ရက်က ယိုးဒယားက တရားဝင်ပြောထားတာကိုက တနင်္လာကနေ စနေနေ့အထိကို (၆)ဘီးကားတွေ ဆီဘောက်ဆာတွေ၊ တွဲကားတွေ၊ ကားကြီးတွေ ပေးသွားမယ်ပေါ့။ တနင်္ဂနွေနေ့ကတော့ သီးသန့် ကားသေးတွေ ပေးသွားမယ်လို့ ပြောထားပြီးသား။ နေ့တိုင်း နေ့တိုင်း ည (၁၂)နာရီလောက်ကတည်းက တန်းစီနေတဲ့ ကားငယ်တွေ အများကြီးပဲ။ ဟိုဘက်မှာလည်း ကားငယ်တွေက အစီး (၅၀)လောက် ပိတ်မိနေတာ။ သူတို့ကလည်း သွားလို့ရမလားဆိုပြီး နေ့တိုင်းနေ့တိုင်း စောင့်နေတာအများကြီးပဲ။ မနက်ကဆို ကျွန်တော့်သူငယ်ချင်းဆို မနက် (၂)နာရီကတည်းက စောင့်နေတာတဲ့။ မနက်ခင်းအစောကြီးမှာ စဖွင့်ဖွင့်ချင်း ကားငယ် (၂)စီးကို လွှတ်ပေးလိုက်တယ်တဲ့။ မြန်မာတံတားထိပ်မှာ ကုန်ချခဲ့ဆိုပြီး ပြောတယ်တဲ့။ ကျွန်တော်တို့ (၁၇)ရက်နေ့က ဒီဘက်က (၆)စီးပြည့်လို့ အဝင်မခံဘူးဆိုတော့ ကုန်စိမ်းကားလေးတွေ တံတားအလယ်ကနေ ပစ္စည်းတွေချပြီး ဒီဘက်ကကားတွေနဲ့ပြန်သယ်လုပ်တာ ဓာတ်ပုံတွေ တွေ့ထားတော့ အဲလိုလုပ်ပေါ့။ မြန်မာဘက်ကလည်း မယ်ဆိုင်က ဝင်လာတဲ့ အဲဒီနှစ်စီးကို တံတားထိပ်ထိ မောင်းခိုင်းလိုက်တော့ ထိုင်းကားအဝင် (၂)စီး စာရင်းထွက်သွားတာပေါ့။ အဲဒါ မယ်ဆိုင်ဘက်က အဲဒီမှန်လုံယာဉ်ငယ်နှစ်စီးကို နင်တို့မသွားနဲ့တော့ဆိုပြီး ကားကြီးတွေ လွှတ်လိုက်တော့ ဒီမှာက ကားအစီးရေက (၈)စီးဖြစ်သွားတာပေါ့

ဟု တာချီလိတ် - မယ်ဆိုင် ကုန်တင်ယာဉ်မောင်းနေသူတစ်ဦးက ပြောသည်။

မယ်ဆိုင် - တာချီလိတ် နှစ်နိုင်ငံကြား မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)မှ တစ်နေ့လျှင် ကုန်တင်ယာဉ် (၆)စီးစီဖြင့်သာ ခေါက်ပြန်သယ်ယူခွင့်ကို စက်တင်ဘာလ (၁၇) ရက်နေ့မှစ၍ ကန့်သတ်လိုက်ခြင်းဖြစ်သည်။

Tachileik News Agency

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။