သွေးလွန်တုပ်ကွေး ကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်းကြောင့် ဆိုးကျိုးများ မဖြစ်စေရန် ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ဆောင်ရွက်သင့်

သွေးလွန်တုပ်ကွေး ကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်းကြောင့် ဆိုးကျိုးများ မဖြစ်စေရန် ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ဆောင်ရွက်သင့်
သြဂုတ် 2, 2020
By Tachileik News Agency
သွေးလွန်တုပ်ကွေး ကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်းကြောင့် ဆိုးကျိုးများ မဖြစ်စေရန် ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ဆောင်ရွက်သင့်

သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း လုပ်ဆောင်ရာတွင် မလိုလားအပ်သည့် ဆိုးကျိုးများမဖြစ်စေရန် ကျန်းမာရေးဦးစီးဌာန ကျွမ်းကျင်သူများ၏ လမ်းညွှန်ချက်အကူအညီဖြင့်သာ  ဆောင်ရွက်သင့်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက သတိပေး တိုက်တွန်းထားသည်။

“ဘေးထွက်ဆိုးကျိုး (Side effect) က ကြီးကြီးမားမားရှိတယ်။ ရပ်ကွက်ထဲလျှောက်မှုတ်တယ်ဆိုရင် နံပါတ်တစ်က ပြည်သူလူထုအတွက် လေထုညစ်ညမ်းမှုဖြစ်တယ်။ တကယ်မှုတ်တဲ့သူကိုယ်တိုင်မှာလည်း လေထုညစ်ညမ်းမှု ခံစားရမယ်။ ဆေးမှုတ်တဲ့သူက PPE နဲ့ ဆေးမှုတ်ရမယ်။ နှာခေါင်းစည်းတွေနဲ့ သေသေချာချာ လုံလုံခြုံခြုံနဲ့ မျက်စိအကာနဲ့ စသဖြင့် လုံခြုံအောင် ဖုံးရမယ်။ ဘာကြောင့်လဲဆိုရင် ဒီဇယ်ပဲဖြစ်ဖြစ်၊ မာလာသီယွန်ပဲဖြစ်ဖြစ် ဝင်သွားရင် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကတော့ ရမှာပဲ။ နောက်တစ်ခုက  မာလာသီယွန်ရဲ့ သက်ရောက်မှုက လူရဲ့အသည်းကို ထိခိုက်တယ်။ ရေရှည်ဆေးလိုက်မှုတ်တဲ့သူတွေဆိုရင် နောင်တစ်ချိန်မှာ အသည်းရောင်တဲ့ရောဂါတို့ အသည်းကင်ဆာတို့ ဒါတွေလည်း ဖြစ်နိုင်တယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့တွင် ပြောသည်။

သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနက သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းများဖြင့် ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ခြင်းကို လုပ်ဆောင်နေပြီး ခြင်ဆေးမှုတ်ခြင်းကို သွေးလွန်တုပ်ကွေးလူနာတွေ့ရှိရာ ဝန်းကျင်တွင်သာ သတ်မှတ်ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ကျန်းမာရေးရဲ့ မူကတော့ လူနာတွေ့မှ ခြင်ဆေးမှုတ်မယ်။ ခြင်ဆေးမှုတ်တဲ့အခါမှာလည်း blocked spray ပေါ့။ အလုံပိတ်ဆေးမှုတ်တယ်ဆိုတာ ဆေးမှုတ်မယ့် ဧရိယာမှာရှိတဲ့ အိမ်တွေက အစားအသောက်ပစ္စည်းတွေကို ရွှေ့ထားရမယ်။ ပြီးတော့မှ အိမ်ထဲမှာရှိတဲ့ အပေါက်ကလေးတွေရှိရင် အဝတ်ကလေးတွေနဲ့ ပိတ်တာတို့ စက္ကူလေးတွေနဲ့ ပိတ်တာတို့ လုပ်ရမယ်။ အဲဒီလို တကယ့်စံကိုက် မှုတ်ရင်တောင်မှ ဒီဆေးရဲ့အာနိသင်က (၄၅)မိနစ်ပဲ ခံတယ်။ တကယ့်သာ Open Space တွေထဲမှာ သွားမှုတ်နေတဲ့ဟာဆို ဘာမှ မထူးဘူး။ မိုးရေထဲတွေမှာ မှုတ်တာတို့၊ နေပူထဲတွေမှာ မှုတ်တာတို့ဆိုတာ ဘာမှလည်း မထူးဘူး။ မနက်ခင်းဆိုရင် (၅) နာရီကနေ (၉)နာရီအကောင်းဆုံး။ ညနေခင်း (၅)နာရီကနေ (၇)နာရီအကောင်းဆုံး စသဖြင့် အဲဒီလို တွက်ချက်ရမှာလေးတွေရှိတာပေါ့။ ခြင်ဆေးမှုတ်ရင် သတိထားစရာက အလုံပိတ်ဖြစ်ရမယ်။  ခြင်ဆေးမှုတ်တဲ့သူကလည်း အထဲကနေ အပြင်ကို မှုတ်လာရမယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအဖြစ် ဖုံး၊သွန်၊ လဲ၊စစ်လုပ်ငန်းများထက်  ခြင်ဆေးမှုတ်ခြင်းပြုလုပ်ပေးရန် တောင်းဆိုမှုပိုများတတ်ကြောင်း တာချီလိတ်တွင်  သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ၌ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း ကူညီပေးနေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်းထံမှ သိရသည်။

  “ကျန်းမာရေးဦးစီးဌာနက သွေးလွန်တုပ်ကွေးဖြစ်တဲ့နေရာမှာ ခြင်ဆေးမှုတ်မယ်ဆိုရင် သွားကူညီပေးတယ်။ ဆေးထည့်တာရော၊ ဆေးဖျန်းတဲ့သူအတွက် အကာအကွယ်နည်းလမ်းကအစ ကျန်းမာရေးဦးစီးဌာနက လမ်းညွှန်ချက်အတိုင်းပဲ ပူးပေါင်းလုပ်ပေးပါတယ်”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

ခြင်ဆေးမှုတ်ရာတွင် ဒီဇယ်နှင့် မာလာသီယွန်ကို အချိုးအဆအတိုင်းရော၍ ဖျန်းရာ၌ ဒီဇယ်လောင်ကျွမ်းပြီး ထွက်လာသည့်အငွေ့များနှင့်အတူ မာလာသီယွန်ဆေးမှုန့်များသည် လေထဲတွင် (၄၅)မိနစ်မှ (၁)နာရီအထိရှိနေချိန်တွင်သာ အလုံပိတ်အခန်းတွင်းရှိ ခြင်များကိုသေစေနိုင်သော်လည်း ယင်းကာလကျော်သွားပါက သက်ရောက်မှုမရှိတော့ကြောင်း သိရသည်။

ယင်းအပြင် ဆေးမှုတ်ရန် ဒီဇယ်နှင့် မာလာသီယွန်အချိုးကျ ရောစပ်ရာတွင် မှားယွင်းပါက ဆေးမှုတ်သည့်စက် ပေါက်ကွဲတတ်သည့်အန္တရာယ်လည်းရှိတတ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~