🛑 ကူးစက်မြန်တဲ့ ဆုံဆို့ရောဂါ အန္တရာယ် 🛑

🛑 ကူးစက်မြန်တဲ့ ဆုံဆို့ရောဂါ အန္တရာယ် 🛑
သြဂုတ် 3, 2020
By Tachileik News Agency
🛑 ကူးစက်မြန်တဲ့ ဆုံဆို့ရောဂါ အန္တရာယ် 🛑 

ဒီရက်ပိုင်းမှာ ကလေးမိဘတွေကို အသိပေးချင်တဲ့ ရောဂါတစ်ခုရှိတယ်။ အသေအပျောက် အရမ်းများတဲ့ ဆုံဆို့နာရောဂါ အကြောင်းပါ။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း တာချီလိတ် ဆေးရုံကို တက်ရောက်လာတဲ့ သံသယဆုံဆို့ (Suspected Diphtheria ) ကလေးလူနာ (၅)ယောက်ရှိခဲ့တယ်။ လူနာ(၅)ယောက်လုံးကို မိဘတွေရဲ့ သဘောဆန္ဒအရ တာချီလိတ်ဆေးရုံထက် ကုသမှု ပိုမိုပြည့်စုံကောင်းမွန်တဲ့ ကျိုင်းတုံ ဆေးရုံကြီးသို့ လွှဲပြောင်း ကုသစေခဲ့တယ်။

ကံဆိုးစွာပဲ အဲဒီ (၅)ယောက်ထဲက ကလေး (၂) ယောက်က ကျိုင်းတုံဆေးရုံကြီးမှာ အသက်ဆုံးရှုံးသွားခဲ့တယ်။ ကျန်တဲ့ သံသယ လူနာ (၃)ယောက်ကတော့ ကျိုင်းတုံဆေးရုံကြီးမှာပဲ ကြပ်ကြပ်မတ်မတ် ကုသမှု ခံယူဆဲပါ။ သေဆုံးမှုနှုန်းများလွန်းတဲ့ ဆုံဆို့နာ အကြောင်း အနည်းငယ် ရှင်းပြပါရစေ။

🛑 ဆုံဆို့ရောဂါဘာကြောင့် ဖြစ်ရလဲ
⭕️ Corynebacterium diphtheriae ဆိုတဲ့ ဗစ်တီးရီးယား ပိုးကြောင့် ဖြစ်တာ။

🛑 ဘယ်အသက်အရွယ်တွေမှာဖြစ်ပွားသလဲ
⭕️ တစ်ကမ္ဘာလုံးရဲ့မှတ်တမ်းတွေ အရ ဒီဆုံဆို့ရောဂါက အရင်ကတော့ (၁၂) နှစ်အောက် ကလေးတွေမှာအဖြစ်များတာ တွေ့ရပြီး အခုနောက်ပိုင်းမှာ အရွယ်မရွေး ဖြစ်ပွားတာကိုတွေ့လာရတယ်။ အထူးသဖြင့် ဆယ်ကျော်သက်တွေနှင့် လူလတ်ပိုင်း အရွယ်တွေမှာပိုဖြစ်တာကိုတွေ့လာရတယ်။

🛑 ရောဂါပျိုးချိန် ဘယ်လောက်ကြာလဲ
⭕️ ခန္ဓာကိုယ်မှာ ရောဂါပိုးဝင်ရောက်ပြီး နှင့် ရောဂါလက္ခဏာစပြချိန်ကြားကြာချိန်ကို ရောဂါပျိုးချိန်လို့ခေါ်တယ်။(၂)ရက်ကနေ (၅)ရက်ခန့်ထိကြာနိုင်။

🛑 ရောဂါလက္ခဏာတွေက ဘာတွေလဲ
⭕️ အဖျားနည်းနည်းရှိမယ်(အပြင်းဖျား 103F ကျော်ထိဖျားတာရှားတယ်)။အားနည်းနုန်းခွေတတ်တယ်
လည်ပင်းနာမယ်။ နှစ်ရက်သုံးရက်အတွင်း လည်ချောင်းနှင့်အာသီးမှာ ဖြူပြာရောင်သို့မဟုတ် အညိုရောင်အမြေးပါးကလေး(Pseudomembrane)ဖြစ်လာတတ်တယ်။ အမြှေးပါးကလေး သွေးယိုစီးပါက အစိမ်းပုပ်ရောင် သို့မဟုတ် အနက်ရောင်သို့ပြောင်းလာတတ်တယ်။ ရောဂါပြင်းထန်ပါက လည်ပင်းအကျိတ်ထွက်ခြင်း လည်ပင်းရောင်ကိုင်းခြင်း(Bull's neck)-ပုံကြည့်ရန်-နှင့် အသက်ရှူလမ်းကြောင်းပိတ်ခြင်းတို့ဖြစ်တတ်တယ်။

🛑 နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ
⭕️ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပြီး ရုတ်တရက် သေဆုံးနိုင်။
နှလုံးကြွက်သား ရောင်ခြင်း၊နှလုံးခုန်မမှန်ခြင်း ၊နှလုံးပျက်စီးခြင်း။
အာရုံကြောထိခိုက်ခြင်း၊ခြေလက်ကြွက်သားမလှုပ်ရှားနိုင်ခြင်း၊အသက်ရှူလမ်းကြောင်းဆိုင်ရာကြွက်သားများသေခြင်း။

🛑 သေဆုံးနှုန်းဘယ်လောက်ရှိလဲ😓
⭕️ ရောဂါဖြစ်ရင် အသက် သေဆုံးနှုန်းက ၂၀-၃၀%ရှိတယ်။ အသက်ကြီးလွန်း ငယ်လွန်းရင် ပိုပြီး အသက်ဆုံးနိုင်တယ်။ ဆုံဆို့ရောဂါကြောင့် နှလုံးထိခိုက်ရင် အသက်သေဆုံးနှုန်းက ၆၀-၉၀% ထိရှိတယ် (ဆယ်ယောက်ဖြစ်ရင်အများဆုံး ၉ ယောက်ထိ သေဆုံးနိုင်)။

🛑ဘယ်လိုကုသမှုပေးလဲ
⭕️ ဆေးရုံကြီးတွေမှာ အထူးကြပ်မတ် စောင့်ကြည့် ကုသမှုခံယူရမယ်။

🛑ဘယ်လိုကာကွယ်လို့ရလဲ✳️
⭕️ ကံကောင်းတာက ဒီရောဂါကိုကာကွယ်ဖို့ ကာကွယ်ဆေး ရှိတယ်။ ရောဂါကို အပြည့်အ၀ နီးပါး (၉၅%) ကာကွယ်ဖို့ဆိုရင် (၁၂)နှစ်အောက် ကလေးတစ်ယောက်ဟာ ဆုံဆုံ့ကာကွယ်ဆေး (၅)ကြိမ် ထိုးပြီးဖြစ်နေရမယ် (ဥပမာ အသက် (၂) လ၊(၄)လ၊(၆)လ ၊တစ်နှစ်ခွဲနှင့် (၄)နှစ် တွေမှာ (၅)ကြိမ် ထိုးပြီးဖြစ်သင့်တယ်။‌

ကျွန်တော်တို့ အစိုးရကာကွယ်ဆေးမှာက အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၉ ခုနှစ်အထိက (၂)လ၊(၄)လ၊(၆) လ တွေမှာ(၃)ကြိမ်ပဲ ဆုံဆို့ကာကွယ်ဆေးထိုးထားကြတယ်။ ၂၀၂၀ ဖေဖော်ဝါရီလကစမှ (၄)ကြိမ်မြောက် ဆုံဆို့ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တစ်နှစ်ခွဲကလေးတိုင်း စတင်ထိုးနှံနိုင်ခဲ့တယ်။

ကျွန်တော်တို့နိုင်ငံမှာ(၄)နှစ်ကနေ (၆) နှစ်အတွင်းကလေးတွေကို (၅)ကြိမ်မြောက် ဆုံဆို့ကာကွယ်ဆေးထိုးနှံသင့်ပေမယ့် ငွေကြေးအခက်အခဲ ကြောင့် ထင်ပါရဲ့ အခုအချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ထိုးမပေးနိုင်သေးဘူး။ -ဆုံဆို့ရောဂါက ကာကွယ်ဆေး အနည်းဆုံး (၄)ကြိမ် သို့မဟုတ် ငါးကြိမ်ပြည့်အောင် ထိုးထားမှ ရောဂါကို(၉၅%)ကာကွယ်နှုန်းရှိတာကို တွေ့ရတယ်။ ဒီထက်ပိုမိုကာကွယ်ချင်ရင်တော့ အသက်အရွယ်မရွေး (၁၀)နှစ်တစ်ကြိမ်အားဖြည့် ထိုးသင့်ကြောင်း အကြံပြုပါရစေ။

 အခုအခါမှာ တာချီလိတ်ကအချို့ ရပ်ကွက်တွေမှာ (၁၅)နှစ်အောက်ကလေးတွေကို ဆုံဆို့ကာကွယ်ဆေး အစုလိုက်အပြုံလိုက်ထိုးပေးနေပါတယ်။

 💉အသက်တစ်နှစ်အောက်ကလေးတွေ
 💉အသက်အလိုက်ပုံမှန်ကာကွယ်ဆေးထိုးနေရင် အခုထိုးမယ့်ကာကွယ်ဆေးထိုးဖို့ မလို။

 💉အသက် (၁)နှစ်မှ (၃)နှစ်ထိကလေးတွေ
 💉ဆုံဆို့ကာကွယ်ဆေး (၄)ကြိမ်ရပြီးရင် အခုကာကွယ်ဆေးထိုးဖို့မလို။ အကြိမ်ပြည့်ရမထားရင် အနည်းဆုံးအခုတစ်ကြိမ်နှင့် လိုအပ်သလိုဖြည့်စွက်ထိုးပေးမယ်။

 💉အသက်(၃)နှစ်မှ(၇)နှစ်ထိကလေးတွေ
 💉 ကလေးတိုင်း (ပုံမှန်ကာကွယ်ဆေး အပြည့်ထိုးထားသည်ဖြစ်စေ မထိုးထားသည်ဖြစ်စေ)အခုထိုးမယ့်ကာကွယ်ဆေးတစ်ကြိမ် မဖြစ်မနေထိုးဖို့လို။ အရင်က ဆုံဆို့ကာကွယ်ဆေး အကြိမ်ပြည့်ရမထားရင် ကျန်းမာရေးဌာနက အခုအကြိမ်အပြင် လိုအပ်သလိုဖြည့်ထိုးပေးမယ်။

 💉(၇)နှစ်မှ(၁၅)နှစ်အထိကလေးတိုင်း
 💉ကာကွယ်ဆေးအကြိမ်ရေ ပြည့်သည်ဖြစ်စေ မပြည့်သည်ဖြစ်စေ အခုတစ်ကြိမ် အပါအဝင် နောက်ထပ်(၂)ကြိမ် စုစုပေါင်း ဆုံဆို့ကာကွယ်ဆေး(၃) ကြိမ်ထိုးပေးမယ်။

♦️ ဆုံဆို့ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ....♦️

ဒေါက်တာကျော်စွာမြင့်
ကလေးအထူးကု
တာချီလိတ်ခရိုင်ဆေးရုံ

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

Featured News