တာချီလိတ်မြို့၏ မြို့ကွက်သစ်စီမံကိန်း အပိုင်း(ဈ)တွင် ကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရေးအတွက် နောက်ဆုံးအကြိမ် သတိပေး

တာချီလိတ်မြို့၏ မြို့ကွက်သစ်စီမံကိန်း အပိုင်း(ဈ)တွင် ကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရေးအတွက် နောက်ဆုံးအကြိမ် သတိပေး
သြဂုတ် 22, 2020
By Tachileik News Agency
 
 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လွန်ခဲ့သည့် (၁၀) နှစ်ဝန်းကျင်ကတည်းက အကောင်အထည်ဖေါ်နေသည့်  မြို့ကွက်သစ်စီမံကိန်း အပိုင်း(ဈ)တွင် ကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရေးအတွက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့၌ နောက်ဆုံးအကြိမ် သတိပေးခြင်းကို ဆောင်ရွက်သည်။
 
တာချီလိတ်မြို့၏ “ဈ”မြေကွက်သစ်စီမံကိန်းမှ မြေပေးမိန့်ရထားသူ (၅၀၀)ဝန်းကျင်ထံ မြေကွက်များ အပ်နိုင်ရန်အတွက် မြို့ကွက်သစ်စီမံကိန်း အပိုင်း(ဈ)တွင် မြေကွက်ဖေါ်ရန် မြေယာတိုင်းတာခြင်းများကို သက်ဆိုင်ရာဌာနများ ပါဝင်သည့် ကော်မတီတစ်ရပ်ဖြင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၏ တတိယပတ်ကစ၍  ဆောင်ရွက်ခဲ့ပြီး ကျူးကျော်နေထိုင်သူများအား ဖယ်ရှားပေးရေး သတိပေးခြင်းကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်နေ့၌ မြို့နယ်ကော်လိတ္တော်အရာရှိက တတိယအကြိမ်အဖြစ် သတိပေးဆောင်ရွက်ခြင်းဖြစ်သည်။
 
အဆိုပါ မြေကွက်သစ်တွင် မြေကွက်ဖော်ရန် တိုင်းတာမှုများကို ၂၀၁၉ ခုနှစ်၊  အောက်တိုဘာလအတွင်း  ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်သည်။
 
ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(အရှေ့ပိုင်း) ကျိုင်းတုံမြို့က ၂၀၁၀ ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့ နေ့စွဲပါစာဖြင့် ဝန်ထမ်းများအတွက် မြေယာကွက်သစ် စီမံကိန်းကို ခွင့်ပြုခဲ့ခြင်းဖြစ်သော်လည်း အဆိုပါမြေနေရာမှာ ဒေါ်နန်းခမ်းတစ်အား မြေလွတ်မြေရိုင်း ဖေါ်ထုတ်လုပ်ကိုင်ခွင့်ပြုထားခဲ့သည့်နေရာတွင် ပါဝင်နေ၍ မြေယာအငြင်းပွားမှု ဖြစ်ပွားနေခြင်းဖြစ်သည်။
 
အဆိုပါ မြေယာအငြင်းပွားမှုကို စာချွန်တော်အမိန့်လျှောက်ထားခြင်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ၂၀၁၉ ခုနှစ်၊ မတ်လ(၄)ရက်နေ့တွင် ပလပ်လိုက်ပြီးနောက် မြေယာကွက်သစ်စီမံကိန်းမှ မြေပေးမိန့်ရထားသူဦးရေ (၅၀၀) ဝန်းကျင်အား မြေကွက်များအမြန်ဆုံး ပေးအပ်နိုင်ရေးအတွက် ၂၀၁၉ခုနှစ် စက်တင်ဘာလအတွင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းဌာနနှင့် စည်ပင်သာယာရေးဌာနတို့ပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ကြီးကြပ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
 
အဆိုပါ မြေယာကွက်သစ် စီမံကိန်းနေရာတွင် မြေပေးမိန့်ရထားသူများအပြင် မြေကွက်ဖေါ်ထုတ်မှု မပြီးသေးသော်လည်း မြေကွက်ဝယ်ယူနေထိုင်သူများလည်း ရှိနေခြင်းဖြစ်သည်။
 
မြေကွက်များဖေါ်ဆောင်ပြီးပါက  မြေပေးမိန့်ရထားသူများထံ အပ်နှံသွားမည်ဖြစ်ပြီး ကျူးကျော်နေထိုင်သူများကို မြေကွက်ပိုင်ရှင်က တရားစွဲခြင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။
 
မြေယာအငြင်းပွားမှုများ ဆက်လက်မဖြစ်ပေါ်ရန်အတွက် အဆိုပါမြေကွက်သစ်နေရာတွင် အချင်းအချင်း ရောင်းဝယ်ခြင်းများတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်မှတ်ထိုးပေးခြင်းများ မပြုလုပ်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ၂၀၁၈ ခုနှစ်တွင်းမှစ၍ အသိပေးထားခဲ့ခြင်းဖြစ်သည်။
 
Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

 

 

 

 

 

 
 

 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 

~~~~~~~   ကြော်ငြာ   ~~~~~~

 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~