ဖားကန့်မြေပြိုမှုမှ နွံနစ်သွားသူများမှ ၁၆၆ ဦး၏ ရုပ်အလောင်းကိုတွေ့ထားပြီး ဒုတိယမြောက်နေ့ ရှာဖွေနေဆဲ

ဖားကန့်မြေပြိုမှုမှ နွံနစ်သွားသူများမှ ၁၆၆ ဦး၏ ရုပ်အလောင်းကိုတွေ့ထားပြီး ဒုတိယမြောက်နေ့ ရှာဖွေနေဆဲ
ဇူလိုင် 3, 2020
By 🌸
ဖားကန့်မြေပြိုမှုမှ နွံနစ်သွားသူများမှ ၁၆၆ ဦး၏ ရုပ်အလောင်းကိုတွေ့ထားပြီး ဒုတိယမြောက်နေ့ ရှာဖွေနေဆဲ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ ကျောက်စိမ်းတူးဖေါ်ရေး လုပ်ကွက်ဟောင်းတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့က မြေပြို၍ နွံနစ်သွားသည့် ရေမဆေးကျောက်ရှာဖွေသူများအား ဇူလိုင်လ (၃) ရက်နေ့အထိ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး နံနက် (၁၀)နာရီအချိန်ထိ သေဆုံးသူ (၁၆၆)ဦးကို ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။

ဝှေခါကျေးရွာရှိ တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာ လုပ်ကွက်ဟောင်းနေရာများ၌ ဇူလိုင်လ (၂) ရက်နေ့ နံနက်(၈)နာရီအချိန်က ရေမဆေးကျောက် ရှာဖွေနေကြစဉ် မိုးရွာသွန်းမှုကြောင့် ဝှေခါလုပ်ကွက် ရေကန်အတွင်းသို့ လခူးချောင်ကျေးရွာဘက်ခြမ်းမှ အမြင့်ပေ(၁၅၀၀)ခန့်ရှိ လုပ်ကွက်ကမ်းပါးယံပြိုကျပြီး ရေလှိုင်းလုံးများဖြစ်ကာ ရေကန်တစ်ဖက်ခြမ်း လုပ်ကွက် ကမ်းပါးယံပေါ်၌ ရေမဆေးကျောက် ရှာဖွေတူးဖော်နေသူများ နွံနစ်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

ရာနှင့်ချီသည့် နွံနစ်သွားသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကူညီ အသင်းအဖွဲ့များ၊ ဝှေခါကျေးရွာပြည်သူများက စုပေါင်းရှာဖွေကြရာ ဇူလိုင်လ (၃)ရက်နေ့အထိ ဒဏ်ရာရသူ (၅၄)ဦးကို  ဖားကန့်ဆေးရုံနှင့် ဝှေခါတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် နွံနစ်သွားသူများအား ထပ်မံရှာဖွေနေဆဲဖြစ်ပြီး အဆိုပါဖြစ်စဉ်တွင် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအတွက် ၎င်းတို့၏မိသားစုဝင်များကို ထောက်ပံ့ကူညီနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သက်ဆိုင်ရာဌာနများဖြင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ မြေပြိုမှုဖြစ်စဉ်ကြောင့် ရာနှင့်ချီသည့်လူများ အသက်ဆုံးရှုံးရခြင်းနှင့်ပတ်သက်၍ အများပြည်သူနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ထားကာ တပ်မတော်က  အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ဝမ်းနည်းကြောင်းနှင့် ကူညီမှုများ ဆက်လက်လုပ်ဆောင်မည်ဟု ဇူလိုင်လ (၂) ရက်နေ့၌ ထုတ်ပြန်ထားသည်။

ဖားကန့်မြေပြိုမှုကြောင့် အသက်ဆုံးရှုံးရသူများ၏ ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြောင်းနှင့် ကူညီကယ်ဆယ်နေသူများကို ချီးကျူးဂုဏ်ပြုကြောင်း အမေရိကန်သံရုံးက ဇူလိုင်လ (၃) ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

Tachileik News Agency
ဓာတ်ပုံ - MSFD, တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~