မြဝတီပြည်သူ့ဆေးရုံတွင် ဆိုင်ကယ် အခမဲ့ရပ်နားရန်နှင့် ဝန်ထမ်းများ ကိုယ်ပိုင်သော့ဖြင့် သိမ်းဆည်းနိုင်မည့် ဆိုင်ကယ်ရပ်နားရန်နေရာများ စီစဉ်ပေး

မြဝတီပြည်သူ့ဆေးရုံတွင် ဆိုင်ကယ် အခမဲ့ရပ်နားရန်နှင့် ဝန်ထမ်းများ ကိုယ်ပိုင်သော့ဖြင့် သိမ်းဆည်းနိုင်မည့် ဆိုင်ကယ်ရပ်နားရန်နေရာများ စီစဉ်ပေး
ဇူလိုင် 19, 2020
By Tachileik News Agency
မြဝတီပြည်သူ့ဆေးရုံတွင် ဆိုင်ကယ် အခမဲ့ရပ်နားရန်နှင့် ဝန်ထမ်းများ ကိုယ်ပိုင်သော့ဖြင့် သိမ်းဆည်းနိုင်မည့် ဆိုင်ကယ်ရပ်နားရန်နေရာများ စီစဉ်ပေး

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ဆိုင်ကယ်ရပ်နားရန်နေရာနှင့် ဝန်ထမ်းများ၏ ဆိုင်ကယ်များ လုံခြုံရေးအတွက် သော့ခတ်ရပ်နားရန်နေရာများကို စီစဉ်ပေးထားကြောင်း သိရသည်။

မြဝတီဆေးရုံကတော့ နယ်စပ်ဆေးရုံဆိုတော့ လူကတော့ အစုံတွေ့ရပါတယ်။ နေ့တိုင်း နေ့တိုင်း ဆိုင်ကယ်တွေ ပျောက်ဆုံးမှုလည်း တွေ့ရပါတယ်။ နောက်ဆိုင်ကယ်တွေကလည်း without (လိုင်စင်မဲ့)တွေ များကြတယ်ဆိုတော့ ပါသွားပြီဆိုရင်လည်း ဆုံးရှုံးသွားတာပဲ များတာပေါ့။ ဆေးရုံလာတဲ့သူတွေကလည်း ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ သော့တန်းလန်းနဲ့ ကျန်ခဲ့တာတွေလည်း ရှိတတ်ကြတယ်။ ကိုယ့်အပူနဲ့ကိုယ်ရောက်လာတော့ ဆိုင်ကယ်ပေါ်က ခုန်ချ သော့တန်းလန်းနဲ့ ကျန်ခဲ့။ ပြန်လာတော့ မရှိတော့ဘူးဆိုတာတွေလည်း ခဏခဏကြုံရပါတယ်။ အဲဒီတော့ ဆိုင်ကယ်အပ်တဲ့နေရာလုပ်မလား စဉ်းစားတော့လည်း ဆေးရုံလာတဲ့သူတွေက ကိုယ့်အပူနဲ့ကိုယ်လာနေကြရတာ တစ်ခါဝင် တစ်ခါပိုက်ဆံပေးနဲ့ဆိုတာကလည်း ကြာရင် အငြင်းပွားစရာလေးတွေ ဖြစ်လာနိုင်တယ်ပေါ့။ ဒီတော့ ဆေးရုံအထောက်အကူပြုကော်မတီ ရန်ပုံငွေနဲ့ နေရာလားလေးတစ်ခုကို ကွန်ကရစ်ခင်းလိုက်ပြီး တံခါးပေါက်လေးတစ်ခုနဲ့ ခြံဝန်းလေးလုပ်ပြီး မီးလည်းထွန်းပေးထားလိုက်တယ်။ ကိုယ့်ဘာသာတော့ လုံခြုံအောင်ထားပေါ့။ ဒီတော့ ဟိုကြား ဒီကြားအမှောင်ရိပ်ထားခဲ့မိလို့ အခိုးခံလိုက်ရတယ်ဆိုတာမျိုးတော့ မရှိတော့ဘူးပေါ့

ဟု မြဝတီပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၉)ရက်နေ့တွင် သည်။

မြဝတီဆေးရုံသို့ လာရောက်သူများ၏ ဆိုင်ကယ်များ စနစ်တကျဖြင့် လုံခြုံစွာ ရပ်နားနိုင်ရန် အခမဲ့ ဆိုင်ကယ်ရပ်နားရန်နေရာအား စီစဉ်ပေးထားသည့်အပြင် ဝန်ထမ်းများ၏ ဆိုင်ကယ်များ လုံခြုံရေးအတွက် ကိုယ်တိုင်သော့ခတ်သိမ်းနိုင်မည့် ဆိုင်ကယ်ရပ်နားရန်နေရာများကိုပါ စီစဉ်ပေးထားကြောင်း သိရသည်။

နောက် ဝန်ထမ်းတစ်ချို့က ဆိုင်ကယ်နဲ့ ရုံးတက်ကြရတာ တစ်ချိန်လုံး ဂျူတီဝင်နေတုန်းဆိုတော့ သူတို့ဆိုင်ကယ်က ပျောက်နိုင်ချေပိုများတယ်ပေါ့။ ဒီတော့ သူတို့လည်း ရှိစုမဲ့စုဝယ်ထားတဲ့ဆိုင်ကယ်လေး ပျောက်မှာကြောက်တော့  ဆေးရုံထဲ လူနာမလာသေးတော့ အခန်းလွတ်လေးတွေထဲ ထိုးထည့်တာမျိုးတွေ လုပ်လာကြတယ်။ လုံခြုံအောင် နည်းလမ်းရှာကြရတာပေါ့။ အဲဒီမှာ လူနာလာပြီဆို ဒါတွေထုတ်အုံး လူနာကိုနေရာပေးအုံးဆိုရင် ဆားဗစ်ပေးတာလည်း အနှောင့်အယှက်ဖြစ်တယ်ပေါ့လေ။ ဒီတော့ သီပေါဆေးရုံမှာ လုပ်ခဲ့သလိုပဲ ရှေ့ဘီးကို ထိုးထည့်ပြီး တစ်ကျပ်သားသံလုံးထိုးထည့်ပြီး အာမခံသော့ကောင်းကောင်းလေးနဲ့ ခတ်ထားလို့ရမယ့် နေရာလေးတွေ လုပ်ပေးလိုက်တာပေါ့။ ဒါကတော့ သံဖြတ်လွှနဲ့ ဖြတ်ခိုးဖို့တောင် ခက်သွားမယ်ပေါ့။ အဲဒါလေးကလည်း အလှူရှင်တွေ ကူညီမှုနဲ့ လုပ်ပေးထားပါတယ်

ဟု မြဝတီပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်းက ဆိုသည်။

ပြည်သူ့ဆေးရုံအများစုတွင် အခကြေးငွေဖြင့် ဆိုင်ကယ်အပ်နှံရသည့်နေရာများကို စီစဉ်ပေးထားလေ့ရှိသော်လည်း မြဝတီပြည်သူ့ဆေးရုံတွင် အခမဲ့ဆိုင်ကယ်ရပ်နားရန်နေရာနှင့်  ဆိုင်ကယ်အသုံးပြုသည့် ဝန်ထမ်းဦးရေ (၂၀) ဝန်းကျင်အတွက် ကိုယ်ပိုင်သော့ဖြင့် ဆိုင်ကယ်ရပ်နားရန်နေရာ စုစုပေါင်း (၂၄) စီးစာကို စီစဉ်ပေးထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - Nanda Win


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~