ကချင်ပြည်နယ် ဖားကန့်တွင် မြေပြိုကျ၍ လူရာနှင့်ချီ သေဆုံးမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ကချင်ပြည်နယ် ဖားကန့်တွင် မြေပြိုကျ၍ လူရာနှင့်ချီ သေဆုံးမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
ဇူလိုင် 3, 2020
By Tachileik News Agency
ကချင်ပြည်နယ် ဖားကန့်တွင် မြေပြိုကျ၍ လူရာနှင့်ချီ သေဆုံးမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ကချင်ပြည်နယ်၊ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့်ပတ်သက်၍  တာဝန်ရှိသူများကို စုံစမ်းဖေါ်ထုတ်ရန်နှင့် နောင်တွင်မဖြစ်စေရန် လုံခြုံရေးအစီအမံများဆောင်ရွက်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့၌ ဖွဲ့စည်းလိုက်သည်။

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာ လုပ်ကွက်ဟောင်းနေရာများ၌ ကျောက်မျက်တူးဖေါ်ရေးလုပ်ငန်း မြေစာပုံများ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့က ပြိုကျသဖြင့် လူပေါင်းရာနှင့်ချီ၍ သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။

အားလုံး သိတဲ့အတိုင်းပဲ ဝမ်းနည်းစွာနဲ့ ဖားကန့်ကိစ္စကို ကြားကြပြီးသားဖြစ်မှာပါ။ ဖားကန့်ကိစ္စဟာ ကျမတို့နိုင်ငံအတွက် ဝမ်းနည်းစရာကိစ္စတစ်ခုဖြစ်တယ်။ တစ်ခုကလည်း ကျမတို့အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲနဲ့ပတ်သက်နေတဲ့ ကိစ္စတစ်ခုလည်း ဖြစ်တယ်။ ဖားကန့်ကိုသွားပြီးကျောက်တူးတယ်ဆိုတာ တော်တော်များက ဝမ်းစာအတွက်အသက်မွေးဝမ်းကျောင်းအတွက် သွားလုပ်တာဖြစ်တယ်။ အခုကွယ်လွန်သွားတဲ့သူတွေထဲမှာဆိုရင် တရားမဝင်တူးနေတဲ့သူတွေလည်း တော်တော်များများပါပါတယ်။ တရားမဝင်သွားပြီးတော့ ကျောက်တူးနေတယ်ဆိုတာဟာ တရားဝင်အလုပ်ရှာဖို့ ခက်ခဲနေတဲ့ အခြေအနေတွေ ကျမတို့နိုင်ငံမှာ အတိုင်းအတာတစ်ခုထိရှိနေတယ်ဆိုတာ ဖော်ပြနေတာပါ။ အဲဒါကတော့ လက်ခံရမယ့် ရင်ဆိုင်ရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်

ဟု ဖားကန့်မြေပြိုသည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ (၃)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည့် COVID 19 နှင့် ဆောက်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်းသည့် ဆွေးနွေးခြင်းတွင် ထည့်သွင်းပြောကြားသွားသည်။

အဆိုပါ မြေပြိုမှုနှင့်ပတ်သက် ဖြစ်ပွားရသည့် အကြောင်းရင်း၊ တာဝန်ရှိသူ အဆင့် ဆင့်တို့ကို စုံစမ်းဖေါ်ထုတ်ကာ နောင်တွင် အလားတူဖြစ်စဉ် မဖြစ်ပွားစေရေးအတွက် လုံခြုံရေးအပါအဝင် ဆောင်ရွက်ရမည့် အစီအမံများကို အကြံပြုတင်ပြကြရမည်ဖြစ်သည့်အပြင် မြေပြိုမှုမှ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများ၏ မိသားစုများအတွက် လိုအပ်သည့်ထောက်ပံ့ကူညီမှုများ စီစဉ်ဆောင်ရွက်ပေးရန်တို့အတွက်  စုံစမ်းစစ်ဆေးရေးအဖွဲ့အား နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဥက္ကဌအဖြစ်တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ အတွင်းရေးမှူးအဖြစ် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးထွန်းဇော်တို့ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က နိုင်ငံတော်သမ္မတထံ အစီရင်ခံစာကို ဆောလျင်စွာ ပေးပို့ကြရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းများ အထိန်းအကွပ်လျော့ရဲစွာ လုပ်ကိုင်နေမှုများကို  ထိန်းသိမ်းရန်နှင့် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် ပြင်ဆင်လုပ်ဆောင်ရန်များကို လုပ်ဆောင်ရန်၊ ဖားကန့်ဖြစ်စဉ်မှ အသက်ဆုံးရှုံးသွားသူများနှင့် ထိခိုက်နစ်နာသူများကိုလည်း သင့်လျော်သော ပြန်လည်ကုစားမှု လုပ်ဆောင်ပေးရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း ဇူလိုင်လ (၃)ရက်နေ့၌ သတင်းထုတ်ပြန်တိုက်တွန်းထားခြင်းဖြစ်သည်။

ကချင်ပြည်နယ်ရှိ ကျောက်မျက်တူးဖေါ်သည့်ကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံများ ပြိုကျ၍ လူသေဆုံးခြင်းများ နှစ်စဉ်ဖြစ်ပွားနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~