ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖွင့်လှစ်ထားသည့် အဖျားရောဂါကုဆေးခန်း၌ အပတ်စဉ် (၃)ရက် အခမဲ့ ကုသပေးမည့် အစီအစဉ် ဇူလိုင်လ(၁၃)ရက်နေ့ စတင်မည်

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖွင့်လှစ်ထားသည့် အဖျားရောဂါကုဆေးခန်း၌ အပတ်စဉ် (၃)ရက် အခမဲ့ ကုသပေးမည့် အစီအစဉ် ဇူလိုင်လ(၁၃)ရက်နေ့ စတင်မည်
ဇူလိုင် 12, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖွင့်လှစ်ထားသည့် အဖျားရောဂါကုဆေးခန်း၌ အပတ်စဉ် (၃)ရက် အခမဲ့ ကုသပေးမည့် အစီအစဉ် ဇူလိုင်လ(၁၃)ရက်နေ့ စတင်မည် 

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ မြို့နယ်ခန်းမတွင် ဖွင့်လှစ်ထားသော အဖျားရောဂါကုဆေးခန်းတွင် ရွေ့လျားဓါတ်မှန် စက်ကြီးများဖြင့် တီဘီရောဂါ နှင့် အခြားဆက်စပ်ရောဂါများအား အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြောနေ့များတွင် တစ်ပတ်လျှင် (၃)ရက်  အခမဲ့ ရှာဖွေကုသပေးရေး အစီအစဉ်အား  ဇူလိုင်လ (၁၃)ရက်နေ့တွင် စတင်သွာမည် ဖြစ်ကြောင်း သိရသည်။

သွေးလွန်တုတ်ကွေး၊ ငှက်ဖျား၊ တီဘီ ဒါတွေက အကုန်လုံးဒီမှာလာပြနေကျ အဖျား နဲ့ပတ်သက် ဆက်စပ်နေတဲ့အတွက် ဒါတွေပါ တစ်တွဲတည်းဆောင်ရွက်လိုက်ရင် ပိုကောင်းမယ်ဆိုပြီး ကျွန်တော်တို့က အခုဒီရွေ့လျား ဓါတ်မှန်စက်နဲ့ ပြည်နယ်တီဘီတိုက်ဖျက်ရေးဌာနနဲ့ ပူးပေါင်းပြီး စီစဉ်ပေးတာဖြစ်ပါတယ်။ တစ်လက်ဆတည်း  ကျွန်တော်တို့ ဘာစစ်ပေးနိုင်သေးလည်းဆိုရင် အကယ်၍ပေါ့ အဖျားနဲ့လည်းတွဲတယ် တစ်ခြားလက္ခဏာလေးတွေလည်းရှိမယ်ဆို ကျွန်တော်တို့ HIV ပိုးရှိ မရှိကိုပါ လူနာခွင့်ပြုချက်နဲ့ ဆရာဝန် ကလိုအပ်တယ်ဆိုရင် စစ်လို့ရအောင် ကျွန်တော်တို့က ဆောင်ရွက်ထားပြီဖြစ်ပါတယ်။

ဟု လွိုင်ကော်မြို့ အဖျားရောဂါကုဆေးခန်းတွင် တာဝန်ယူလုပ်ဆောင်နေသည့် ဒေါက်တာပြည့်ဖြိုးကျော်က ပြောသည်။

လွိုင်ကော်မြို့ အဖျားရောဂါကုအခမဲ့ဆေးခန်းအား နေ့စဉ် နံနက်(၉)နာရီခွဲမှ နေ့လည်(၁၁)နာရီခွဲထိ နှင့် မွန်းလွဲ(၂)နာရီခွဲမှ ညနေ(၄)နာရီခွဲထိ တနင်္ဂနွေတစ်ရက်သာ ပိတ်၍ အဖျားရောဂါ နှင့်အခြားရောဂါများကို နေ့စဉ် ကုသမှုပေးနေပြီး ရွေ့လျားဓါတ်မှန်စက်ကြီးဖြင့် တီဘီရောဂါနှင့် အခြားဆက်စပ်ရောဂါများကို  ရှာဖွေကုသပေးမည့် အစီအစဉ်အား တီဘီဆရာဝန်ကြီးနှင့် ဓါတ်မှန်ကျွမ်းကျင်ဝန်ထမ်း များမှ တစ်ပတ်လျှင် (တနင်္လာ၊ ဗုဒ္ဓဟူး ၊သောကြော) (၃)ရက်သာ စစ်ဆေး ကုသပေးသွားမှာဖြစ်ကြောင်းသိရသည်။

လူနာတွေ စိုးရိမ်နေတာက  လာပြတာနဲ့ Quarantine ဝင်ခိုင်းမလားပေါ့ ။ နှာခေါင်းတို့ပတ်ယူမလားပေါ့ ။ လာတဲ့လူတိုင်းကို ကျွန်တော်တို့က Covid-19 ပိုးရှိ မရှိစစ်ဆေးနေတာ မဟုတ်ပါဘူး။ သံသယလူနာတွေ ကိုပဲကျွန်တော်တို့စနစ်တကျ နဲ့ဆေးရုံကြီးနဲ့ချိတ်ဆက်ပြီး ဆက်လုပ်သွားမှာဖြစ်တယ်။ လူတိုင်းကို နှာခေါင်းတို့ပက်တွေ မယူပါဘူး။ ကျွန်တော်တို့က သံသယမရှိဘဲ လာတဲ့သူတိုင်းမယူတဲ့အတွက် လာပြမယ့်လူနာတွေအနေနဲ့ စိုးရိမ်မနေပဲ အခမဲ့ ဘာအခကြေးငွေမှမယူဘဲ ကုသပေးနေတာ ဖြစ်လို့ လာပြကြပါလို့ပြောချင်ပါတယ်

ဟု ဒေါက်တာပြည့်ဖြိုးကျော်က ပြောသည်။

အဖျားရောဂါကုအခမဲ့ဆေးခန်းတွင် ရွေ့လျားဓါတ်မှန်စက်ကြီးများဖြင့် အခမဲ့စစ်ဆေးပေးမှာ ဖြစ်သောကြောင့် တီဘီရောဂါများ ၊ အဆုပ်ရောင်အဆုပ်ပွရောဂါများကို ရှာဖွေစစ်ဆေးနိုင်သလို အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါနှင့် Covid-19 ရောဂါပိုးရှိမရှိကိုပါ စမ်းသပ်ရှာဖွေနိုင်ကြောင်းသိရသည်။

အစကတော့ ဆေးရုံကြီးသွားမလို့ပဲ ။ ကလေးက ဖျားတာပေါ့ ။ အဲ့ဒါအိမ်ဘေးက ဒီမှာဆေးခန်းရှိတယ်ပြလို့ရတယ် ဆိုလို့ လာပြလိုက်တာ။ အဆင်အရမ်းပြေတယ်။ လူတွေ မရှုပ်ဘူးနည်းတယ်။ နည်းတော့ မြန်မြန်ပြလို့ရတာပေါ့ စောင့်စရာမလိုဘူး ။ ပိုက်ဆံကအစ ပေးစရာမလိုဘူး ။ အကုန်အလကားဆိုတော့ လူတိုင်းအတွက်အဆင်ပြေတယ်။

ဟု ဆေးခန်းလာပြသူ တစ်ဦးက ပြောသည်။

အဖျားရောဂါကုအခမဲ့ဆေးခန်းစဖွင့်သည့် ဇွန်လ(၁)ရက်နေ့မှ ဇွန်လကုန်ထိ လူနာ(၈၃)လာရောက်ပြသခဲ့ပြီး အများစုမှာ အဖျားရောဂါဖြင့်သာ လာရောက်သူများပြားပြီး တီဘီရောဂါသည်တစ်ဦးလည်းစစ်ဆေး တွေ့ရှိခဲ့သောကြောင့် အဖျားရောဂါသာမဟုတ်ဘဲ သွေးလွန်တုတ်ကွေး ၊ တီဘီရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ၊ အဆုပ်ရောင်အဆုပ်ပွရောဂါများ နှင့် ငှက်ဖျားရောဂါများကိုပါ တစ်ဆက်တည်း စစ်ဆေးကုသပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

လွိုင်ကော်မြို့ မြို့နယ်ခန်းမရှိ အဖျားရောဂါအခမဲ့ဆေးခန်းတွင် မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဆရာဝန် (၆)ဦး နှင့် ပြည်နယ်ကျန်းမာရေးဌာနမှ သူနာပြု (၁၀)ဦး နှင့် ပရိဟိတအဖွဲ့မှ စေတနာ့ဝန်ထမ်း (၅)ဦးတို့မှ နေ့စဉ်အလှည့်ကျ စစ်ဆေးကုသပေးခြင်းများ လုပ်ဆောင်နေကြောင်းသိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~