ရေနံချောင်း လမ်းကူးရွာတွင် ဧရာဝတီကမ်းပါးပြို၍ ရွာလုံးကျွတ်ပြောင်းရမည့်အခြေအနေကြုံနေရ

ရေနံချောင်း လမ်းကူးရွာတွင် ဧရာဝတီကမ်းပါးပြို၍ ရွာလုံးကျွတ်ပြောင်းရမည့်အခြေအနေကြုံနေရ
ဇူလိုင် 5, 2020
By 🌸
ရေနံချောင်း လမ်းကူးရွာတွင် ဧရာဝတီကမ်းပါးပြို၍ ရွာလုံးကျွတ်ပြောင်းရမည့်အခြေအနေကြုံနေရ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဝက်လွတ်အုပ်စု၊ လမ်းကူးကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြို ကျနေမှုကြောင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့အထိ နေအိမ်အလုံးပေါင်း (၂၅)လုံး ပြောင်းရွှေ့ထားရပြီး ရွာလုံးကျွတ်ပြောင်းရွှေ့ရမည့်အခြေအနေနှင့်ကြုံတွေ့နေရကြောင်း သိရသည်။

“ဇွန်လအတွင်းက (၁၃) လုံး၊ အခု ဇူလိုင်လမှာ ဒီနေ့အထိ (၁၂) လုံးလောက်ဖျက်ပြီးပြီဆိုတော့ အားလုံးပေါင်း (၂၅) လုံးလောက် ဖျက်ရွှေ့ခဲ့ပြီးပါပြီ။ လတ်တလောအခြေအနေအရတော့ အနည်းဆုံး အိမ်ခြေ (၃၂) လုံး လောက် ဖျက်ရွှေ့ရဖို့ရှိပါတယ်။ ဒီအတိုင်းသာ ဆက်ပြီး ကမ်းပြိုနေမယ်ဆိုရင်တော့ ရွာလုံးကျွတ်ဖျက်ရွှေ့ ရမှာပါပဲ”

ဟု ရွာခွဲတာဝန်ခံ ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါကျေးရွာမှာ နှစ်စဉ်ကမ်းပြိုအန္တရာယ်နှင့် ကြုံတွေ့နေရသဖြင့် ၂၀၁၉ ခုနှစ်တွင် သက်ဆိုင်ရာသို့ တင်ပြခဲ့၍ ၂၀၁၉ ခုနှစ်ကတစ်ကြိမ်၊ ၂၀၂၀ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင်တစ်ကြိမ် မကွေးခရိုင်အုပ်ချုပ်ရေးမှူးဦးစီး အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုခဲ့ပြီး ရွှေ့ ပြောင်းနေထိုင်ရန် မြေနေရာအတွက် တစ်ဧကလျှင် ကျပ် သိန်း(၃၀) နှုန်းဖြင့် ရောင်းချပေးနိုင်ရန် မြေပိုင်ရှင်တောင်သူများနှင့် ညှိနှိုင်းပေးထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖျက်ရွှေ့ခဲ့ပြီးဖြစ်သည့် နေအိမ်(၁၈)လုံးအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန  နအိမ်(၁)လုံးလျှင် ကျပ် (၁)သိန်းနှုန်း၊ လူတစ်ယောက်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်းသိရပြီး ဆက်လက် ဖျက်ရွှေ့ရမည့် နေအိမ်များအတွက်လည်း အဆိုပါနှုန်းထားအတိုင်း ထောက်ပံ့ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။

လတ်တလောတွင် ဖျက်ရွှေ့ရမည့် နေအိမ် (၃၃)လုံးအတွက် တောင်သူထံမှ မြေနေရာ (၄) ဧကခွဲ ဝယ်ယူပြီး ရွာတာဝန်ခံများဦးဆောင်ကာ ကော်မတီဖွဲ့၍ မဲနှိုက်စနစ်ဖြင့် မြေနေရာချထားဆောင်ရွက်ပေးလျှက်ရှိ နေသော်လည်း မြစ်ကမ်းပါးနှင့် ကိုက်(၁၀၀)ခန့်သာအကွာအဝေးရှိတော့သည့် အချိန်မီ ရွှေ့ပြောင်းရမည့် အခြေအနေရှိနေသော ရွာဦးဘုန်းတော်ကြီးကျောင်းအတွက် မြေနေရာနှင့် ရွှေ့ပြောင်း ပြန်ဆောက်စရိတ် အတွက် အခက်အခဲနှင့်ကြုံတွေ့နေရကြောင်း သိရသည်။

“ရပ်ရွာကချို့တဲ့တော့ ကျောင်းအတွက်လည်း အဆင်မပြေဘူးပေါ့။ မြေနေရာကရှိပေမဲ့ ငွေရေးကြေးရေး က အဆင်မပြေသေးတော့ ကျောင်းရွှေ့ဖို့က မလွယ်ဘူးဖြစ်နေတယ်။ ဖျက်ဖို့ဆောက်ဖို့ကလည်း လက်သ မားက သိန်း(၅၀)လောက်ကျမယ်ပြောတယ်။ မြေနေရာအတွက်က တစ်ဧက သိန်း(၃၀)တဲ့။ ကျောင်းမြေ နေရာအတွက်က အနည်းဆုံး တစ်ဧကလောက်မှပဲ အဆင်ပြေမှာ။ မရွှေ့လို့ကလည်း မဖြစ်တော့တဲ့အခြေ အနေဆိုတော့ အတော်ဒုက္ခရောက်နေပါတယ်”

ဟု ဆရာတော်ဦးနန္ဒိယက မိန့်သည်။

ကျေးရွာတာဝန်ရှိသူက အဆိုပါကျေးရွာတွင် နေအိမ်(၇၈)လုံး ရှိသည်ဆိုသော်လည်း မကွေးခရိုင်အုပ် ချုပ်ရေးမှူး ရရှိထားသည့်စာရင်းအရ နေအိမ်(၅၁)လုံးသာရှိပြီး အိမ်ခြေ(၃၀)ရွှေ့ပြောင်းနိုင်ရန် မြေနေရာရှာထားပေးပြီးဖြစ်ကြောင်း သိရသည်။

“အိမ်ခြေက (၅၁)လုံးပဲရှိတာပါ။ အိမ်ခြေ(၃၀)ရွှေ့ပြောင်းနိုင်ဖို့အတွက် တစ်ဧက သိန်း(၃၀)နှုန်းနဲ့ ရောင်း ပေးဖို့ တောင်သူနဲ့ ဈေးညှိနှိုင်းပေးခဲ့ပါတယ်။ နေအိမ်တစ်လုံးအတွက် (၃)သိန်းလောက်ကျသင့်မှာဖြစ်ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန က ထောက်ပံ့တာ နေအိမ်တစ်လုံး(၁)သိန်းဆိုတော့ မြေနေရာအတွက် က  (၂)သိန်း စီလောက်တော့ သူတို့ စိုက်ရမှာပေါ့။ ဘုန်းကြီးကျောင်းရွှေ့ပြောင်းဖို့ ရန်ပုံငွေရရှိရေးအတွက် တော့ လွှတ်တော်ကိုယ်စားလှယ်က တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမယ် ပြောပါတယ်”

ဟု မကွေး ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က ပြောသည်။

အဆိုပါကျေးရွာတွင် ပြောင်းရွှေ့ရမည့် အဆောက်အဦများအတွက်နှင့် သောက်သုံးရေတွင်းများ တူးဖေါ်ရေးအတွက် ကူညီပေးလိုသည့် အလှူရှင်များအနေဖြင့် ဖုန်း ၀၉ ၂၅၀၇၂၆၀၁၁ နှင့် ၀၉ ၇၉၈၅၀၈၇၁၀ တို့သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း-ဖီးနစ်
ဓာတ်ပုံ-Phone Myint
Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~