မကွေးမြို့နယ်တွင် မိုးပြတ်သဖြင့် နှမ်းခင်းများ ပိုးကျ၍ မြေလှန်ဖျက်ဆီးပစ်နေရ

မကွေးမြို့နယ်တွင် မိုးပြတ်သဖြင့် နှမ်းခင်းများ ပိုးကျ၍ မြေလှန်ဖျက်ဆီးပစ်နေရ
ဇူလိုင် 21, 2020
By 🌸
မကွေးမြို့နယ်တွင် မိုးပြတ်သဖြင့် နှမ်းခင်းများ ပိုးကျ၍ မြေလှန်ဖျက်ဆီးပစ်နေရ

ဆီထွက်သီးနှံအများအပြား စိုက်ပျိုးထုတ်လုပ်သည့် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း မိုးပြတ်သဖြင့် နှမ်းခင်းများပိုးကျလာ၍ မြေလှန်ဖျက်ဆီးပစ်နေရကြောင်း သိရသည်။

“ဒီနှစ်မှာ ပထမအဆင့် စတင်စိုက်ပျိုးချိန်ကစလို့ပေါင်းနှုတ်ပြီး နှမ်းကြောင်းတင်တဲ့အချိန်အထိ နှမ်းပင် တွေတအားကိုကောင်းကြပါတယ်။ ရက်အရေအတွက်အရဆို (၄၅) ရက်သားအထိပေါ့။ အခု တကယ် ပွင့်မယ့်၊ သီးမယ့်အချိန်ရောက်မှ စုပ်ထွေးပိုးနဲ့ မြေတွင်းမြစ်နီပိုးတွေ ဝင်ပြီး ဘယ်လိုမြှပုပြင်မရတော့လို့ လက်လျှော့ပြီး မြေလှန်ဖျက်ပစ်ရတော့တာပါ။ တစ်ရွာလုံးနီးပါးပါပဲ။ ပုထိုး၊ ဇီးကျွန်းနဲ့ ရွှေကျင်ရွာတွေ ဘက်မှာလည်း ဖျက်ပစ်ရတဲ့တောင်သူတွေများပါတယ်”

ဟု မယ်လှတောင်ကျေးရွာမှ တောင်သူ ဦးခင်မောင်ဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်နှစ်များကလည်း ပိုးကျမှုကြုံရသော်လည်း ယခုနှစ်တွင် အခြေအနေပိုဆိုးသဖြင့် ပိုးသတ်ဆေးဖြန်း၍ မရနိုင်တော့ဘဲဖြစ်နေရာ မြေလှန်ပစ်ပြီး ပိုးသေရန်ထားရခြင်းဖြစ်ကာ အချို့တောင်သူများက မြေပဲထပ်မံစိုက်ပျိုးရန် ကြိုးစားနေကြောင်း သိရသည်။

“မြေပဲစိုက်မယ်ဆိုရင် မျိုးပဲတစ်တင်း(၆)သောင်းဝန်းကျင်၊အခြားသွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေသြဇာ၊ ကျောက်မှုန့်တွေက အနည်းဆုံး တစ်ဧက (၅)သောင်းဝန်းကျင်၊ ထွန်ယက်ခ၊ စိုက်ပျိုးလုပ်အားခတွေက လက်ငင်းငွေထုတ်သုံးရတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ ယာတစ်လယ်ကို (၀၁.၅၀)ဧက ရှိပါတယ်။ အဲဒီ ယာတစ်လယ်ကို မြေပဲမျိုးဆံ (၃)တင်း ချရတော့ မတတ်နိုင်သူတွေမှာ ထယ်ရေးပဲ ခံထားကြရပါတယ်” 

ဟု တောင်သူ ဦးခင်မောင်ဌေး က ပြောသည်။

စတင်စိုက်ပျိုးချိန်က မိုးရရှိမှုအခြေအနေကောင်းခဲ့သော်လည်း အပင်သန်ချိန်တွင် ကွက်ကြားမိုးကြောင့် စိုက်ခင်းအများစုမှာ မိုးရေမလုံလောက်၍ သီးနှံများမအောင်မြင်ဘဲ ဖြစ်ခဲ့ရကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-Khin Maung Htay


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~