တာချီလိတ် သင်္ကြန်အတွက် မဏ္ဍပ်များခွင့် မပြုသော်လည်း ရေကစားခြင်းကို ပိတ်ပင်မည် မဟုတ်

တာချီလိတ် သင်္ကြန်အတွက် မဏ္ဍပ်များခွင့် မပြုသော်လည်း ရေကစားခြင်းကို ပိတ်ပင်မည် မဟုတ်
မတ် 13, 2020
By Tachileik News Agency
 
တာချီလိတ်သင်္ကြန်အတွက် မဏ္ဍပ်များခွင့် မပြုသော်လည်း ရေကစားခြင်းကို ပိတ်ပင်မည် မဟုတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြန်မာ- ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ၂၀၂၀ ခုနှစ် သင်္ကြန်ကာလ အတွင်း နှစ်စဉ်ကျင်းပသကဲ့သို့ ဗဟိုရေကစားမဏ္ဍပ် အပါအဝင် မဏ္ဍပ်များခွင့်မပြုသော်လည်း ရေကစားခြင်းကို ပိတ်ပင်မည်မဟုတ်ကြောင်း သိရသည်။

တစ်ပိုင်တနိုင်လေးတွေကတော့ သူဘာသာ ကျိုးတိုးကျဲတဲလေး သူဟာသူ လုပ်နိုင်ရင်လုပ်ပေါ့။ လူနည်းနည်းလေးနဲ့ လေးယောက်၊ ငါးယောက်ဆိုတာလေးကတော့ ကိုယ်နိုင်ရင်၊ ကိုယ့်ဘာသာတာဝန်ယူရင်၊ ကိုယ့်ဘာသာ တာဝန်ခံရင် ဘာမှပြောစရာမရှိပါဘူး။ သင်္ကြန်ဆိုတာလည်း တစ်ပြည်လုံးအတိုင်းအတာနဲ့ရှိတဲ့ မြန်မာ့ရိုးရာပွဲဆိုတော့  ကိုယ်ထူကိုယ်ထ၊ ကိုယ့်အိမ်ရှေ့ကိုယ် ပျော်တာတော့ ဘာမှမပြောပါဘူး။ အစိုးရအနေနဲ့ လုပ်တဲ့ ပွဲလမ်းသဘင် လူအများစုကြီးနဲ့တော့ မလုပ်တော့ဘူးပေါ့

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၁၃)ရက်နေ့တွင် ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်ပြီဖြစ်၍ မြန်မာနိုင်ငံတွင် သင်္ကြန်ပွဲ အပါအဝင် အစိုးရနှင့် ပုဂ္ဂလိကအနေဖြင့် လူစုလူဝေး အခမ်းအနားများ ကျင်းပခြင်းမပြုလုပ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် မတ်လ (၁၂)ရက်နေ့က ကျင်းပခဲ့သည့် 2019 Novel Coronavirus (COVID-19) ကြောင့် ဖြစ်ပွားသောအဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ်အစည်းအဝေးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ တရားဝင်မဏ္ဍပ်တွေ ဘယ်လိုမှ ခွင့်မပြုဘူး။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်အိမ်က ကလေးတွေပက်ချင်လို့ ကိုယ့်အိမ်ရှေ့မှာ ပုံးလေးတွေ၊ ခွက်လေးတွေချပြီး ပက်ချင်လည်းပက်ပေါ့။ အဲဒါလူစုလူဝေးနဲ့ ပက်တာမဟုတ်ဘူး။ သင်္ကြန်လည်းကျပေါ့။ အဲဒါတော့ရတယ်။ ဒါပေမဲ့ တရားဝင်မဏ္ဍပ်ကြီးတွေနဲ့ အစုအဝေးကြီးတွေနဲ့ လုပ်တာကိုပြောတာ

ဟု နိုင်ငံတော်သမ္မတရုံး ပြောခွင့်ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၂၀၂၀ ခုနှစ် မတ်လ (၁၃) ရက်နေ့တွင် သမ္မတအိမ်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀) ကျော်တွင် ကူးစက်ပျံ့နှံ့နေပြီဖြစ်၍ COVID 19 (ကိုရိုနာဗိုင်းရပ်စ်)ကို ကမ္ဘာ့ကပ်ရောဂါ အဖြစ် WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)က မတ်လ (၁၁)ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး ကမာ္ဘ့ နိုင်ငံအားလုံး ရောဂါကာကွယ်ရေး အားစိုက်လုပ်ဆောင်ရန် တိုက်တွန်းထားခြင်းဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာချက်ကြောင့် မြန်မာနိုင်ငံတွင်လည်း လူစည်ကားသည့် ပွဲလမ်းသဘင်၊ လူစုလူဝေး အခမ်းအနား၊ အစည်းအဝေးများ၊ သင်္ကြန်မဏ္ဍပ်ကြီးများနှင့် ရုပ်ရှင်ရုံများအပါအဝင် မကျင်းပရန် မတ်လ (၁၂)ရက်နေ့၌ ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးအစည်းအဝေးတွင် ဆုံးဖြတ်ထားကာ ဆက်စပ်ဖြစ်ပေါ်လာမည့် စီးပွားရေး၊ လူမှုရေးပြဿနာများ ကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းများကိုလည်း ဆွေးနွေးထားကြောင်း သိရသည်။

 Tachileik News Agency

 

 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 

~~~~~~~   ကြော်ငြာ   ~~~~~~

 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~