မြန်မာနိုင်ငံတွင် ဓါတ်ခွဲခန်းအဖြေစောင့်နေသည့် COVID 19 စောင့်ကြည့်လူနာ (၅)ဦး၏ အခြေအနေ ကောင်းမွန်နေ

မြန်မာနိုင်ငံတွင် ဓါတ်ခွဲခန်းအဖြေစောင့်နေသည့် COVID 19 စောင့်ကြည့်လူနာ (၅)ဦး၏ အခြေအနေ ကောင်းမွန်နေ
မတ် 2, 2020
By Tachileik News Agency

မြန်မာနိုင်ငံတွင် ဓါတ်ခွဲခန်းအဖြေစောင့်နေသည့် COVID 19 စောင့်ကြည့်လူနာ (၅)ဦး၏ အခြေအနေ ကောင်းမွန်နေ

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂)ရက်နေ့၊ ညနေ (၆) နာရီအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုရှိ၊မရှိ သက်ဆိုင်ရာ ဆေးရုံများ၌ စောင့်ကြည့်ထားသည့် လူနာ (၅) ဦး၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံ၌ တိုင်ပေမှလာသည့် တရုတ်နိုင်ငံသား (၁)ဦး၊ အမေရိကန်ပြည်ထောင်စုမှ နယူးဇီလန်နိုင်ငံသား (၁) ဦးနှင့် ဟူနန်ပြည်နယ်မှ ပြန်လာသည့် မြန်မာနိုင်ငံသား (၁)ဦး၊ စစ်တွေပြည်သူ့ဆေးရုံတွင် ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား (၁)ဦးနှင့် ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံ၌
စင်္ကာပူတွင် COVID 19 ကူးစက်ခံရသူနှင့် အနီးကပ်ရှိခဲ့သည့် မြန်မာနိုင်ငံသားနှင့် ၎င်း၏ ဇနီးတို့ကို သီးခြားထားရှိ စောင့်ကြည့်ကုသပေးနေပြီး ဓါတ်ခွဲစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသည့် အသက် (၂၉) နှစ်အရွယ် တရုတ်နိုင်ငံသား အမျိုးသားသည် ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့၌ တိုင်ပေသို့ ပြန်သွားကာ ဖေဖေါ်ဝါရီလ (၂၅)ရက် နေ့၌ ပြန်ရောက်လာပြီးနောက် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့မှစ၍ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်းစသည့် လက္ခဏာများခံစားခဲ့ရသဖြင့် မတ်လ (၁)ရက်နေ့တွင်  ပန်းလှိုင်ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလုံမြို့နယ်တွင် နေထိုင်သော အသက် (၃၇) နှစ်အရွယ် နယူးဇီလန်နိုင်ငံသား အမျိုးသားသည် ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ပြီး ဟောင်ကောင်လေဆိပ်၊ အမေရိကန် နိုင်ငံ၊ ဂျွန်အက်ဖ်ကနေဒီလေဆိပ်နှင့် မီယာမီလေဆိပ်များမှတစ်ဆင့် ကင်းစတုန်းလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့တွင် ကင်းစတုန်လေဆိပ်၊ ကာတာနိုင်ငံ၊ ဒိုဟာလေဆိပ်တို့မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် ဖေဖေါ်ဝါရီလ (၂၉) နေ့မှစ၍ COVID-19 ရောဂါနှင့်ဆင်တူသော သံသယ လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ်လ (၂)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်တွင် ကျောင်းတက်နေသည့် အသက် (၃၂) နှစ် အရွယ် မြန်မာအမျိုးသားတစ်ဦးသည် ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် တရုတ်နိုင်ငံမှ ပြန်ရောက်လာပြီး မတ်လ (၁)ရက်နေ့တွင် COVID-19 ရောဂါနှင့်ဆင်တူသော သံသယလက္ခဏာများ ခံစားခဲ့ရသဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ အသက် (၂၉) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့၌ ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီး  ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့မှစ၍  ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း စသည့်ရောဂါလက္ခဏာများ စတင်ခံစားခဲ့ရပြီး စစ်တွေမြို့ရှိ ပြင်ပဆေးခန်း တစ်ခုသို့ ပြသခဲ့ရာ မတ်လ (၂) ရက်နေ့တွင် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စင်္ကာပူနိုင်ငံတွင် COVID 19 ကူးစက်ခံရသည့် မြန်မာနိုင်ငံသူတစ်ဦးနှင့် အနီးကပ်နေထိုင် ထိတွေ့ခဲ့သူ  မြန်မာနိုင်ငံသား အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁) ဦးသည် ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာကြောင်းသတင်းအရ စုံစမ်းရှာဖွေရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ရောက်ရှိနေကြောင်း သိရသဖြင့် အဆိုပါ အမျိုးသားနှင့် ၎င်း၏ဇနီးတို့ကို ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံတွင် အသွားအလာကန့်သတ်၍ ရောဂါဖြစ်ပွားမှုရှိ၊ မရှိစောင့်ကြပ်ကြည့်ရှု နေကြောင်း သိရသည်။

COVID-19 ရောဂါဖြစ်ပွားသူနှင့် အနီးကပ်နေထိုင်ထိတွေ့ခဲ့သူများ (သို့မဟုတ်) ရောဂါကူးစက်ပြန့်ပွားမှု များပြားရာ နေရာဒေသမှ ပြည်တွင်းသို့ လာရောက်ကြသူများအနေဖြင့် လက်ရှိတွင် ရောဂါပျိုးချိန်အတွင်း ရောဂါလက္ခဏာများ ပြသခြင်းမရှိသေးသော်လည်း ရောဂါပျိုးချိန်ကာလတစ်ခုတွင် ရောဂါဖြစ်ပွားနိုင်သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ရာတွင် ပြည်သူများနှင့် ကာယကံရှင်ကိုယ်တိုင် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန်နှင့် လေကြောင်းခရီး၊ ရေကြောင်းခရီးများမှ ပြည်တွင်းသို့ ဝင်ရောက်လာရောက်ကြသူများအနေဖြင့် ကျန်းမာရေးအခြေအနေဖော်ပြချက်ကဒ်ကို ပြည့်စုံတိကျစွာ ဖြည့်စွက်ကြပါရန်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တိုက်တွန်းထားသည်။

တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံပေါင်း (၅၉) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် နိုင်ငံတကာ ကျန်းမာရေးဝန်ကြီးဌာနများနှင့်လည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် လည်းကောင်း ချိတ်ဆက်၍ သတင်းပေးပို့ဖလှယ်ခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက် ရှိပါသည်ဟု သတင်းထုတ်ပြန်ထားသည်။

Tachileik News Agency



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~