ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် တရုတ်နိုင်ငံ ဝူဟန်တုပ်ကွေး စစ်ဆေးမှုများ လုပ်ဆောင်နေ

ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် တရုတ်နိုင်ငံ ဝူဟန်တုပ်ကွေး စစ်ဆေးမှုများ လုပ်ဆောင်နေ
ဇန်နဝါရီ 8, 2020
By Tachileik News Agency
ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် တရုတ်နိုင်ငံ ဝူဟန်တုပ်ကွေး 
စစ်ဆေးမှုများ လုပ်ဆောင်နေ 

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ ပြန်လာသူများကို လေဆိပ်တွင် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ပြန်လည် ရောက်ရှိထားသူများ အနေဖြင့် တုပ်ကွေးလက္ခဏာများခံစားနေရပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပို့ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဝူဟန်မြို့မှ ပြန်လာသူများ၊ ဝူဟန်မြို့မှ ရောက်ရှိနေသူများ အနေဖြင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း စသည့် တုပ်ကွေးဆန်သောရောဂါ လက္ခဏာများ လက်ရှိအနေဖြင့် ဖြစ်ပွားပါက (သို့မဟုတ်) လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါလက္ခဏာများဖြစ်ပွားခဲ့ပါက (သို့မဟုတ်) ပြန်လည်ရောက်ရှိပြီး (၁၄) ရက်အတွင်း အဆိုပါ ရောဂါလက္ခဏာများဖြစ်ပွားပါက လေဆိပ်ကျန်းမာရေးဌာနနှင့် နီးစပ်ရာကျန်းမာရေးဌာနများသို့  အမြန်ဆုံး သတင်းပေးပို့ ဆက်သွယ်ကြရန်နှင့် အခမဲ့ကုသပေးမည်ဖြစ်ကြောင်း နှိုးဆော်ထားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင်လည်း ရောဂါသံသယဖြစ်ဖွယ်ရှိ၊ မရှိ စစ်ဆေးခြင်းများကို လုပ်ဆောင်နေသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစပြီး ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်ပွားနေပြီး ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းကို အတည်မပြုနိုင်သေးဘဲ ရောဂါဖြစ်ပွားသူအရေအတွက် တိုးလာနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံအလယ်ပိုင်း လူဦးရေထူထပ်လှသည့် ဝူဟန်မြို့ရှိ ရေထွက်ပစ္စည်းရောင်းချသည့်ဈေးမှ ရောဂါ စတင်ဖြစ်ပွားသည်ဟု ကျန်းမာရေးဌာနတာဝန်ရှိသူများက ယူဆသဖြင့် အဆိုပါဈေးကိုလည်း ပိတ်ထားခြင်း ဖြစ်သည်။

ဝူဟန်မြို့တာဝန်ရှိသူများကလည်း ရောဂါဖြစ်ပွားရခြင်းကို ရှာဖွေခြင်းနှင့် ရောဂါကူးစက်မှုကို ထိန်းချုပ်ခြင်းများ ဆောင်ရွက်နေသည့်နည်းတူ  ဝူဟန်မြို့မှခရီးသွားများ ဝင်ထွက်နိုင်သည့် နယ်စပ်ဝင်ပေါက်များ၊ ဒေသတွင်း နိုင်ငံများ၏ အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် တရုတ်နိုင်ငံခရီးစဉ်မှ ဝင်ရောက်လာသည့် ခရီးသည်များကို ကူးစက်ရောဂါစစ်ဆေးမှုများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

Tachileik News Agency
Photo: Yangon International Airport
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~