မော်တော်ယာဉ် အရစ်ကျရောင်းချပေးရေးအတွက် လုပ်သက် (၂၅)နှစ်အထက် ဝန်ထမ်းစာရင်း ကောက်ယူခြင်း အပါအဝင် လုပ်ငန်းကိစ္စများ ဆွေးနွေး

မော်တော်ယာဉ် အရစ်ကျရောင်းချပေးရေးအတွက် လုပ်သက် (၂၅)နှစ်အထက် ဝန်ထမ်းစာရင်း ကောက်ယူခြင်း အပါအဝင် လုပ်ငန်းကိစ္စများ ဆွေးနွေး
ဇန်နဝါရီ 9, 2020
By Tachileik News Agency

  မော်တော်ယာဉ် အရစ်ကျရောင်းချပေးရေးအတွက် လုပ်သက် (၂၅)နှစ်အထက် ဝန်ထမ်းစာရင်း ကောက်ယူခြင်း အပါအဝင် လုပ်ငန်းကိစ္စများ ဆွေးနွေး 

နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများအား မော်တော်ယာဉ် အရစ်ကျရောင်းချပေးရေး အစီအစဉ်အရ မော်တော်ယာဉ် တင်သွင်းခွင့်ပေးရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက လုပ်သက် (၂၅)နှစ်အထက် ဝန်ထမ်းစာရင်း ကောက်ယူခြင်း အပါအဝင် လိုအပ်သည်များကို ဆောင်ရွက်ရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ်အရစ်ကျရောင်းချရေးအစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်ကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့ နေ့လယ် (၂)နာရီတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

“အရင်က ကျွန်တော်ထင်တာက ပထမတော့ ညွှန်ချုပ်နဲ့အထက်ကို ပေးမယ်လို့ထင်တယ်။ အခုကတော့ လုပ်သက် (၂၅)နှစ်အထက်တွေကို ပေးမယ့်ပုံရှိတယ်။ လုပ်သက် (၂၅)နှစ်အထက်က စာရင်းမရှိတော့ လုပ်နေတုန်းပေါ့နော်။ ဒီနေ့မှ သက်ဆိုင်ရာ အစိုးရဝန်ကြီးအဖွဲ့က သူတို့အစည်းအဝေးလုပ်တော့ အဲဒီမှ စာရင်းတောင်းတုန်း ရှိသေးတယ်။ ဝန်ထမ်းမှာ ပြစ်မှုမရှိတဲ့ လုပ်သက် (၂၅)နှစ်အထက် ဝန်ထမ်းတိုင်း ရမှာပေါ့”

ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် မြန်မာ့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် မော်တော်ယာဉ်ရောင်းချပေးရေး အစီအစဉ်အရ ဝန်ထမ်းကောင်း လက်မှတ်ရ လုပ်သက် (၂၅)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများကို ခွင့်ပြုပေးမည်ဖြစ်ပြီး ၂၀၁၈-၂၀၂၀ မော်ဒယ် အထိ ဘယ်မောင်းကားများကို တစ်ဦးချင်း ပါမစ်လျှောက်သည့် ပုံစံအတိုင်း လျှောက်ထားခွင့်ရကြမည်ဖြစ်ကြောင်း သိရသည်။

တင်သွင်းခွင့်ပြုမည့် မော်တော်ယာဉ်ဈေးနှုန်းကို ရာထူးအလိုက် ခွဲခြားသတ်မှတ်ပေးမည်ဖြစ်ပြီး နေထိုင်ရာ ဒေသအလိုက် လိုင်စင်များထုတ်ပေးကာ (၃)နှစ်အတွင်း အမည်ပြောင်းလဲခွင့်ရမည် မဟုတ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မော်တော်ယာဉ်တင်သွင်းခွင့်များ ချထားပေးခြင်းကြောင့် လက်ရှိမော်တော်ယာဉ်ဈေးကွက်ကို ထိခိုက်နိုင်သည်ဟု ဝေဖန်မှုများလည်း ထွက်လာနေသော်လည်း တင်သွင်းခွင့်ချထားပေးမည့် အရေအတွက်ပေါ် မူတည်နိုင်သည်ဟု ဒေါက်တာစိုးထွန်းက သုံးသပ်သည်။

 “ကျွန်တော်တို့ကပြောတာ တစ်ခါထဲနဲ့ ကားစီးရေသောင်းနဲ့ချီ ပါမစ်ပေးရင်တော့ ဈေးကွက်ထိခိုက်လာမယ်ပေါ့နော်။ ကျွန်တော်တို့ ဈေးကွက်မှာ ဝယ်လိုအားက မနှစ်ကဆိုရင် အစီးရေ နှစ်သောင်းကျော်ပဲရှိတယ်။ ဝယ်လိုအား နှစ်သောင်းလောက်ပဲရှိတာမှာ ပါမစ်က ငါးသောင်းလောက်ပေးလိုက်တယ်။ သောင်းနဲ့ချီ ပေးလိုက်ရင်တော့ ဈေးကွက်ထိလာမှာပေါ့။ ဝယ်တဲ့သူတွေဘက်ကကြည့်ရင်တော့ ကားဈေးက အမြင့်ကားဈေးတွေ ကျလာနိုင်တယ်။ ဒါပေမဲ့ သိန်း ၃၀၀၊ ၄၀၀ အောက်ကားတွေကတော့ ဈေးသိပ်မကျနိုင်ဘူး”

ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက သုံးသပ်သည်။

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နှစ်စဉ်ထုတ်ပြန်သည့် ပြည်ပမှတင်သွင်းသော မော်တော်ယာဉ်များ၏ ထုတ်လုပ်သည့် ခုနှစ် အမိန့်ကြော်ငြာစာပါ သတ်မှတ်ချက်အတိုင်း တင်သွင်းခွင့်ပြုမည်ဟု ဇန်နဝါရီလ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~