တာချီလိတ်ရှိ ကျောင်း(၆)ကျောင်းတွင် စားသုံးသူအကာကွယ်ပေးရေး အသိပညာပေး ဟောပြောမည်

တာချီလိတ်ရှိ ကျောင်း(၆)ကျောင်းတွင် စားသုံးသူအကာကွယ်ပေးရေး အသိပညာပေး ဟောပြောမည်
ဇန်နဝါရီ 17, 2017
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း(၆)ကျောင်းတွင် စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ဇန်နဝါရီလ (၁၇)ရက်နေ့မှ ဇန်နဝါရီလ(၁၉)ရက်အတွင်း ကျိုင်းတုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မှာ ကျွန်တော်တို့ဌာနရဲ့ ဝန်ထမ်းအင်အားက နည်းတဲ့အတွက် စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးတာတွေ မလုပ်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့က တာချီလိတ်ထိသွားပြီးတော့ (၃)ရက်အတွင်း ကျောင်း(၆)ကျောင်းမှာ ဟောပြောပွဲတွေလုပ်သွားမှာပါ"

ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ပြောသည်။

ဇန်နဝါရီလ (၁၇)ရက်နေ့ နံနက်(၁၀)နာရီတွင် အခြေခံပညာအထက်တန်းကျောင်း တာချီလိတ်တွင် လည်းကောင်း၊ နေ့လယ် (၁)နာရီတွင် အခြေခံပညာအထက်တန်းကျောင်း ပုန်းထွန်တွင် လည်းကောင်း ဟောပြောမည်ဖြစ်ပြီး ကျန်(၂)ရက်တွင် အခြေခံပညာအထက်တန်းကျောင်း ဆန်ဆိုင်း၊ အခြေခံပညာအထက်တန်းကျောင်း ဟောင်လိတ်၊ အခြေခံပညာအထက်တန်းကျောင်း မိုင်းကိုးနှင့် အခြေခံပညာအထက်တန်းကျောင်း တာလေတို့တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ တာချီလိတ်ရောက်လို့ အဲဒီမှာရှိတဲ့ ဌာနတွေမှာလည်း စားသုံးသူ အကာအကွယ်ပေးရေးနဲ့ ပတ်သက်လို့ ဟောပြောဖို့ အဆင်ပြေရင်လည်း ဟောပြောဖို့ အစီအစဉ်ရှိပါတယ်။ ဒါကတော့ ဟိုရောက်မှ အတိအကျသိရမှာပါ။ ကျောင်း(၆)ကျောင်းကတော့ သေချာပါတယ်"

ဟု ၎င်းက ပြောသည်။

ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆောင်သောအဖွဲ့သည် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခွင့်ပြုချက်ရရှိပါက တာချီလိတ်မြို့ရှိ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ဈေးများအတွင်း စားသုံးရန်မသင့်သည့် စားသောက်ကုန်များကို ရောင်းချနေခြင်း ရှိ၊မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်