မြဝတီ - မဲဆောက်အကြား Covid-19 ကြောင့် ချစ်ကြည်ရေးတံတား(၂)ကို ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း နိုင်ငံအတွက် အရေးတကြီး တင်သွင်းရန်လိုသည့် ပစ္စည်းများရှိပါက အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်မည်

မြဝတီ - မဲဆောက်အကြား Covid-19 ကြောင့် ချစ်ကြည်ရေးတံတား(၂)ကို ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း နိုင်ငံအတွက် အရေးတကြီး တင်သွင်းရန်လိုသည့် ပစ္စည်းများရှိပါက အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်မည်
အောက်တိုဘာ 18, 2020
By Tachileik News Agency
မြဝတီ - မဲဆောက်အကြား Covid-19 ကြောင့် ချစ်ကြည်ရေးတံတား(၂)ကို ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း နိုင်ငံအတွက် အရေးတကြီး တင်သွင်းရန်လိုသည့် ပစ္စည်းများရှိပါက အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်မည်
မြဝတီ - မဲဆောက်ကြား ကုန်သွယ်ရေးဂိတ်များအားလုံး ပိတ်ထားစဉ်ကာလအတွင်း နိုင်ငံအတွက် အရေးတကြီးတင်သွင်းရန်လိုအပ်သည့်ပစ္စည်းများရှိပါက နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်တင်သွင်းမှုများကို ခြွင်းချက်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကုန်သွယ်မှုကတော့ ရပ်ဆိုင်းသွားမှာပါ။ ဒါပေမဲ့ ခြွင်းချက်ဟာတွေတော့ အောက်ဆီဂျင်တို့ဘာတို့ လိုတယ်ဆိုရင်တော့ အောက်ဆီဂျင်ကားတွေ သွားတာတို့ ဒါမျိုးတော့ ရှိမှာပေါ့။ အထူးကိစ္စတွေအတွက် သံရုံးအချင်းချင်း ချိတ်ဆက်တာ၊ အစိုးရအချင်းချင်း ချိတ်ဆက်တာ ဒါမျိုးတော့ ရှိမှာပေါ့ခင်ဗျ။"ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြဝတီနှင့် မဲဆောက်ကြား မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) မှနေ၍ မော်တော်ယာဉ်မောင်းတစ်ဦးစီပါဝင်သည့် ကုန်တင်ယာဉ်များဖြင့် အပြန်အလှန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းကို COVID 19 ကာလအတွင်း ကန့်သတ်ခွင့်ပြုပေးနေရာမှ အောက်တိုဘာလ (၅)ရက်နေ့၌ မြဝတီဘက်မှ ပြန်ဝင်လာသော ထိုင်းနိုင်ငံတွင်နေသည့် မြန်မာနိုင်ငံသားကုန်သည်နှင့် ဇနီးဖြစ်သူတို့အား quarantine ထားပြီး အောက်တိုဘာလ (၇)ရက်နေ့ စစ်ဆေးရာ COVID 19 ပိုးတွေ့ရသဖြင့်  မြဝတီဘက်မှ ဝင်လာသည့် ကုန်တင်ယာဉ်မောင်းများအား COVID 19 စစ်ဆေးခြင်းကို မဲဆောက်ဘက်၌ အောက်တိုဘာလ (၇)ရက်နေ့၌ စတင်လုပ်ဆောင်လာခြင်းဖြစ်သည်။
ယင်းကဲ့သို့ စစ်ဆေးပေးနေရာမှ အောက်တိုဘာလ (၁၀)ရက်နေ့တွင် မြဝတီဘက်မှ ဝင်လာသည့် ကုန်တင်ယာဉ်မောင်း (၂)ဦးတွင် COVID 19 ပိုးထပ်မံတွေ့ရသဖြင့် နှစ်နိုင်ငံ ကုန်တင်ယာဉ်များအား မြို့တွင်းပေးမဝင်တော့ဘဲ နှစ်နိုင်ငံချစ်ကြည်ရေးတံတားထိပ်တွင် ကုန်ပစ္စည်းချက်ချင်းလွှဲပြောင်းတင်စေသည့်စနစ်ကို ပြောင်းလဲလိုက်သော်လည်း  မြဝတီဘက်မှ ကုန်တင်ယာဉ်မောင်း (၁)ဦးတွင် COVID 19 ကူးစက်ခံထားရကြောင်း မဲဆောက်ဘက်၌ စစ်ဆေးမှုအတွင်း ထပ်မံတွေ့ရသည့်အပြင် မြဝတီဘက်တွင်လည်း အဆိုပါ ကုန်တင်ယာဉ်မောင်းများနှင့် ထိတွေ့မှုရှိသူများအား စစ်ဆေးရာမှ COVID 19 ပိုး ထပ်တွေ့လာရသဖြင့် ထိုင်းနိုင်ငံဘက်က နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို ယာယီပိတ်ထားရန် တောင်းဆိုမှုများ ရှိလာခဲ့ခြင်းဖြစ်သည်။
မြဝတီ - မဲဆောက်ကြား မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအပါအဝင် အခြားသောတောလမ်း ဝင်ထွက်ပေါက်များမှ ကုန်ပစ္စည်းသယ်ယူပို့ဆောင်နေခြင်း၊ နှစ်နိုင်ငံကူးသန်းသွားလာခြင်းများကို အောက်တိုဘာလ (၁၈)ရက်နေ့ ညနေ (၃)နာရီမှ အောက်တိုဘာလ (၂၅)ရက်နေ့အထိ ပိတ်ထားရန် အောက်တိုဘာလ (၁၇)ရက်နေ့၌ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ဘက်က ထုတ်ပြန်လိုက်ပြီး မြဝတီခရိုင်အုပ်ချုပ်ရေးမှူးကလည်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဖုန်းဖြင့် ဆွေးနွေးမှုအခြေအနေများအား ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တင်ပြထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်း နေထိုင်သူများမှ မြဝတီနယ်စပ်နှင့်ထိတွေ့မှုရှိသူများအား COVID 19 စစ်ဆေးခြင်းအား လုပ်ဆောင်ပေးနေကြောင်း သိရသည်။
မြဝတီ - မဲဆောက်ကြား မြန်မာ - ထိုင်းနယ်စပ်ကုန်သွယ်ရေးပမာဏမှာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သြဂုတ်လအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁၁၂၀)သန်းဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ တတိယမြောက် ကုန်သွယ်မှုပမာဏ အများဆုံး နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည်။
ထိုင်းနိုင်ငံဘက်က ယာယီပိတ်ရန်ကြေညာထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်းအား ပြန်လည်ဖွင့်လှစ်လိုပါက မြန်မာနိုင်ငံဘက်မှ ခရိုင်အုပ်ချုပ်ရေးမှူးက ပြည်နယ်မှတစ်ဆင့် ပြည်ထောင်စုသို့ ပြန်လည်တင်ပြ ခွင့်ပြုချက်တောင်းခံပြီးမှ ဖွင့်လှစ်နိုင်မည်ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~